သင့်ကိုယ်သင် တခြားသူတွေ၊ တခြားမိန်းကလေးတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ရလာမယ့် အရာတွေကတော့ သင့်ကိုယ်သင် အထင်သေးတာ၊ အားငယ်တာ၊ စိတ်ပျက်တာတွေ ဖြစ်ပါတယ်။ သင်က တခြားသူတွေနဲ့ အမြဲ နှိုင်းယှဉ်တတ်သူဆိုရင် ဒီအကျင့်ကို ရပ်တန့်ရမယ့် အကြောင်းအရင်းတွေ ရှိပါတယ်။ ဘယ်အကြောင်းအရင်းတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ လူတိုင်းက မတူညီပါဘူး

လူတွေနဲ့ မနှိုင်းယှဉ်သင့်တဲ့ အထင်ရှားဆုံး အကြောင်းအရင်းကတော့ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် လုံးဝ မတူညီခြင်းပါ။ သင်က ဘယ်သူနဲ့မှ မတူနိုင်တာကြောင့် ဒီအရာအတွက် ဂုဏ်ယူသင့်ပါတယ်။

၂။ သင့်ကိုယ်သင် မပြောင်းလဲနိုင်ဘူး

သင်က တခြားမိန်းကလေးရဲ့ ဆံပင်ကို အားကျရင် လိုက်ဆိုးနိုင်ပါတယ်။ တခြား မိန်းကလေးရဲ့ မျက်နှာပုံစံကို အားကျရင် ပလတ်စတစ် ဆာဂျရီ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို အားကျစိတ်တွေက ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ပါဘူး။ သင်က ဘယ်သူ့ကို အားကျပါစေ သူတို့ပုံစံ ကွက်တိ ဖြစ်လာအောင် လုပ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ သင်က သင် ဖြစ်နေလို့ပါ။

၃။ ကျေနပ်နိုင်မှာ မဟုတ်ဘူး

သင်က တခြားသူတွေနဲ့ နှိုင်းယှဉ်နေသရွေ့ ဘယ်တော့မှ ကျေနပ်အားရမှုကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ကိုယ်သင် လက်ခံပြီး ကျေနပ်မယ်ဆိုရင်တော့ သင့်ဘဝက ဘယ်လောက်လှပကြောင်း သိလာပါလိမ့်မယ်။

၄။ နှိုင်းယှဉ်ခြင်းက အကျင့်ပါသွားနိုင်တယ်

လက်ချိုးတာ၊ လက်သည်းကိုက်တာတွေက လုပ်တာများရင် အကျင့်ပါသွားပါတယ်။ ဒီလိုပဲ အမြဲ နှိုင်းယှဉ်နေမယ်ဆိုရင် သင်က ဘယ်သူ့မြင်မြင် နှိုင်းယှဉ်ချင်စိတ် ဖြစ်လာပါလိမ့်မယ်။ ဒီလို အကျင့်စွဲသွားရင် တစ်ယောက်ယောက် တွေ့လိုက်တာနဲ့ သင့်ဘဝနဲ့ မနှိုင်းယှဉ်ရ မနေနိုင် ဖြစ်လာပါလိမ့်မယ်။

၅။ စိတ်ပိုဆက်စေနိုင်တယ်

တခြားသူတွေနဲ့ နှိုင်းယှဉ်ကာ မနာလိုစိတ်တွေ များလာရင် သင်ပဲ အရာအားလုံး ပိုင်ဆိုင်သင့်တယ်ဆိုတဲ့ စိတ်နဲ့ ဒေါသပိုထွက်လာပါလိမ့်မယ်။ သင် မနာလိုတဲ့သူအပေါ် အပျက်စကားတွေ၊ အတင်းအဖျင်း စကားတွေ ပြောတတ်လာသလို အရင်ထက် စိတ်ဆိုးဒေါသလွယ်လာပါလိမ့်မယ်။

၆။ ဒါက အချိန်နဲ့ ခွန်အားကို ကုန်ခန်းစေတယ်

သင်က သင့်ဘဝနဲ့ တခြားသူတွေကို လိုက်နှိုင်းယှဉ်နေမယ်ဆိုရင် သင်ပေးလိုက်ရတဲ့ အချိန်နဲ့ ခွန်အားက နောက်က လိုက်လာပါလိမ့်မယ်။ သင့်မှာ ပိုအရေးကြီးတဲ့ အရာတွေ၊ တာဝန်တွေ ရှိသေးကြောင်း သတိရသင့်ပါတယ်။

၇။ လူတစ်ယောက်ကတော့ ရှိနေဦးမှာပဲ

သင်က ဘယ်လောက်ပဲ လှပါစေ သင့်ထက် လှတဲ့လူ ရှိမှာပါပဲ။ သင်က ဘယ်လောက်ပဲ ညံ့ဖျင်းပါစေ သင့်ထက် ပိုညံ့တဲ့သူ ရှိတာပါပဲ။ ဘယ်အရာမှာပဲ ဖြစ်ဖြစ် ကိုယ့်ထက် သာနေတဲ့သူက ရှိစမြဲပါ။ ဒါကြောင့် လိုက်နှိုင်းယှဉ်နေရင် ပြီးတော့မှာ မဟုတ်ပါဘူး။ သင်က တခြားသူနဲ့ လိုက်နှိုင်းယှဉ်နေသလို သင်ကိုယ်တိုင်ကလည်း တခြားသူတွေ အားကျနှိုင်းယှဉ်နေရတဲ့ သူ ဖြစ်နိုင်တာကို သတိရသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar