မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ထဲမှာ အခြားကောင်မလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်ပုံစံက မိန်းကလေးနဲ့လည်းမတူဘူး၊ မိန်းမမဆန်ဘူးလို့ ခံစားနေရတဲ့သူတွေရှိလား။ များသောအားဖြင့် မိန်းကလေးမဆန်တဲ့ ကောင်မလေးတွေဟာ အဝတ်အစားခပ်ပွပွတွေ ဝတ်တတ်ပြီး အလှအပအတွက် အချိန်ပေးဖို့ သိပ်စိတ်မရှည်ကြသလို ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ဘဲ ဘွင်းဘွင်းရှင်းရှင်း ရယ်မောပြောဆိုရတာကို နှစ်သက်ကြပါတယ်။

သင့်မှာလည်း ဒီလိုယောကျာ်းဆန်တဲ့ အကျင့်တွေရှိတာမို့ မိန်းကလေးဆန်လာအောင် ပြောင်းလဲကြည့်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီဆောင်းပါးမှာပါတဲ့ အလေ့အကျင့်လေးတွေကနေ စလုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒီတစ်ခေါက်မှာ နူးညံ့ပြီး မိန်းကလေးဆန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ မွေးမြူပေးရမယ့် အမူအကျင့်တွေ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ခေတ်နဲ့အညီ ပြောင်းလဲဝတ်ဆင်ပါ

ပထမဆုံး လတ်တလော ကောင်မလေးတွေကြား ခေတ်စားနေတဲ့ ဖက်ရှင်တွေ၊ သိမ်မွေ့နူးညံ့တဲ့ အသွင်အပြင်လေးရစေမယ့် အတွဲအစပ်ဖက်ရှင်လေးတွေကို စိတ်ရှည်ရှည်ထား လေ့လာဖို့လိုပါတယ်နော်။ ပြီးရင်တော့ သင်ဝတ်နေကျ ခပ်ပွပွအင်္ကျီတွေနေရာမှာ မိန်းကလေးဆန်တဲ့ ဂါဝန်၊ စကတ် ဖက်ရှင်လေးတွေကို အစားထိုးလိုက်ပါ။

၂။ Accessories လေးတွေ ဝတ်ပေးပါ

မိန်းကလေးဆန်တဲ့သူတွေက Accessories လေးတွေဝတ်ရတာ ကြိုက်ကြပါတယ်နော်။ ဥပမာအနေနဲ့ ချစ်စရာကောင်းတဲ့ နားကပ်လေးတွေ၊ လက်ကောက်၊ ဆွဲကြိုးစတာတွေက သင့်ကိုပိုပြီး မိန်းကလေးဆန်ဆန် ဆွဲဆောင်မှုရှိစေမှာပါ။ ဒါကြောင့် ဒီလိုပစ္စည်းလေးတွေကို ကိုယ့် Outfit လေးနဲ့လည်းလိုက်အောင် ကြိုက်ရာရွေးချယ်ပြီး စမ်းဝတ်ကြည့်သင့်ပါတယ်။

၃။ Hairstyle နဲ့ Makeup Look အသစ်တွေ စမ်းကြည့်ပါ

မိန်းကလေးဆန်ဖို့ နောက်ထပ် Try ကြည့်သင့်တာကတော့ ပုံမှန်နဲ့ကွဲထွက်တဲ့ Hairstyle နဲ့ မိတ်ကပ် Look လးတွေ ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။ အခုခေတ်မှာ အလှအပအိုင်ဒီယာတွေနဲ့ပက်သက်ပြီး လေ့လာစရာ ဗီဒီယိုတွေအများကြီးရှိတာမို့ ဒီလိုနေရာတွေကနေ လေ့လာပြီး ကိုယ့်နဲ့လိုက်ဖက် Look လေးတွေ ပြင်ဆင်ကြည့်ဖို့ မမေ့ပါနဲ့နော်။

၄။ ကိုယ်သင်းနံ့လေးကောင်းနေအောင် ရေမွှေးစွတ်ပေးပါ

ကိုယ်ပိုင်အမွှေးနံ့လေးရှိတာက သင့်ကိုလူတိုင်းက အမှတ်ရနေစေမယ့် ဆွဲဆောင်မှုတစ်မျိုးလို့ပြောလို့ရပါတယ်။ ရေမွှေးနံ့တွေမှာ ပန်းနံ့၊ သစ်သီးနံ့စတဲ့ မိန်းကလေးဆန်တဲ့ ရနံ့လေးတွေရှိတာမို့ သင့်အနေနဲ့ ဒီလို နူးညံ့တဲ့ အနံ့သင်းသင်းလေးတွေကို ပုံမှန်ဆွတ်ထားပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။

၅။ မိန်းကလေးတွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေလေ့လာပါ

မိန်းကလေးဆန်ဖို့ဆိုရင် ကိုယ်တိုင်က မိန်းမပီသတဲ့သူတွေရဲ့ အမူအရာ၊ စိတ်နေစိတ်ထားတွေကို လေ့လာကြည့်ဖို့လိုပါတယ်။ မိန်းကလေးဆန်တဲ့သူအများစုက ခံစားလွယ်ကာ နူးနူးညံ့ညံ့ပြုံးရယ်တတ်ပြီး ဆံပင်လှလှလေးစည်းရတာ၊ ဆံပင်သပ်ရတာလေးတွေကြိုက်တတ်ကြပါတယ်။ သူတို့အတိုင်းလုပ်ရင်း သင်ကိုယ်တိုင်လည်း အကျင့်ရလာပါလိမ့်မယ်။

၆။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ

မိန်းကလေးဆန်သူအများစုက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိကြပြီး ဘေးပတ်ဝန်းကျင်ကို သိပ်အာရုံမစိုက်ဘဲ အပူအပင်နည်းကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် သင်လည်း သူတို့လို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး သွက်လက်နေအောင် အကျင့်လုပ်ပေးသင့်ပါတယ်။

၇။ ယဉ်ကျေးဖော်ရွေတဲ့ အမူအရာလေးတွေလည်း ရှိဖို့လိုပါတယ်

မိန်းကလေးဆန်လာဖို့ သိမ်မွေ့တဲ့ ကိုယ်၊ နှုတ် အမူအရာလေးတွေက မရှိမဖြစ်ပါပဲ။ လူတစ်ယောက်နဲ့ စကားပြောတဲ့အခါ “ကျေးဇူးပြီုပြီးတော့” “ကျေးဇူးတင်ပါတယ်” စတဲ့ အသုံးအနှုန်းတွေနဲ့ မျက်လုံးချင်းသေချာဆုံပြီး ယဉ်ယဉ်ကျေးကျေးလေး ပြောဆိုတတ်ဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar