သင်က Diet လည်း လုပ်ဖို့ အဆင်မပြေဘူး၊ လေ့ကျင့်ခန်း လုပ်ဖို့လည်း အချိန်မပေးနိုင်ဘူးဆိုရင် တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေကို ပျိုးထောင်သင့်ပါတယ်။ ဒီဖော်ပြပါ အလေ့အကျင့်တွေကို ပုံမှန်လုပ်မယ်ဆိုရင် သင် လေ့ကျင့်ခန်းအတွက် အချိန်အနည်းငယ်ပဲ ပေးရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမဲ့ ဖော်ပြပါ နည်းလမ်း အလေ့အကျင့်တွေကို အမြဲ ပုံမှန်လုပ်သွားဖို့ လိုပါတယ်။ မဟုတ်ရင် Diet မလုပ်၊ လေ့ကျင့်ခန်း မလုပ်ဘဲနဲ့ မပိန်နိုင်ပါဘူး။ အရင်လို ခန္ဓာကိုယ် ပြန်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် Diet, Exercise မလုပ်ချင်သူတွေအတွက် ဝိတ်ကျပြီး ကျန်းမာနေစေမယ့် အလေ့အကျင့်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ညတိုင်း ၇ နာရီ အနည်းဆုံး အိပ်ဖို့ ကြိုးစားပါ

လေ့ကျင့်ခန်း လုပ်နေသူတွေတောင် အိပ်ချိန် မလုံလောက်ရင် ဝိတ်တက်လာနိုင်ပါတယ်။ အထူးသဖြင့် ဗိုက်အဆီကျဖို့ ခက်ခဲပါတယ်။ ဝိတ်ကျပြီး ကျန်းမာချင်သူတွေအနေနဲ့ ညတိုင်း ၇ နာရီ အနည်းဆုံး အိပ်သင့်ပါတယ်။

၂။ နိုးတဲ့အချိန် နေရောင်ခြည်နဲ့ ထိတွေ့ပါ

နေရောင်ခြည်က သင့်ကို တက်ကြွခြင်း စွမ်းအင်တွေကို ပေးနိုင်သလို ဗီတာမင်ဒီ ကို ပေးစွမ်းနိုင်ပါတယ်။ နိုးတာနဲ့ မျက်နှာသစ် သွားတိုက်ပြီး နေရောင်အောက်မှာ လှုပ်လှုပ်ရှားရှား နေမယ်ဆိုရင် အရင်ထက် ပို သွက်လက်ကာ ကိုယ်ရေစစ် လာပါလိမ့်မယ်။

၃။ သင့်ကို ရယ်မောအာင် ပြုလုပ်သူတွေနဲ့ အချိန် ကုန်ဆုံးပါ

သင့်ကို ပျော်ရွှင်စေသူတွေက သင့်ကို ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ အောင် ကူညီပေးနိုင်ပါတယ်။ သူတို့တွေနဲ့ မကြာခဏ တွေ့ပြီး စကားစမြည်ပြောတာ၊ ဟာသ ပြောတာတွေ ပုံမှန်လုပ်သင့်ပါတယ်။

၄။ မစားခင် အသက်ရှူပါ

တစ်ခါတလေ ဗိုက်ဆာနေတယ်ဆိုရင် သင်က မစဉ်းစားဘဲ စားမိတတ်ပါတယ်။ ဒီလိုစားရင် ပိုစားမိတတ်ပါတယ်။ စားခါနီးတိုင်း အမြဲတမ်း ၃ ခါကနေ ၄ ခါ လေကို အာရုံစိုက်ရှူပြီး သင် ဘာတွေ စားမလဲ၊ ဘယ်လို စားမလဲ တွေးကြည့်သင့်ပါတယ်။

၅။ စားပြီးတိုင်း လမ်းလျှောက်ပါ

စားပြီးနောက် လမ်းလျှောက်တာက အစာချေဖျက်မှုကို ကူညီပေးပြီး ဝိတ်အမြန်ကျစေပါတယ်။ သင်က စားပြီးတိုင်း အိပ်ရာပေါ် လှဲတတ်သူဆိုရင်တော့ ဒီအကျင့်ကို မဖြစ်မနေ ပြန်ပြင်ရပါမယ်။ စားပြီးတိုင်း ၁၀ မိနစ် လမ်းလျှောက်သင့်ပါတယ်။

၆။ ၁၀ မိနစ် အဆက်အသွယ်ဖြတ်ပါ

လူအများစုက Social Media နဲ့ပဲ အချိန်ကုန်တတ်ပါတယ်။ ဒီကနေပဲ စိတ်ဖိစီးမှုတွေ ရတတ်ပါတယ်။ သင်က ကျန်းမာချင်တယ်ဆိုရင်တော့ နေ့တိုင်း ၁၀ မိနစ်ခန့် ဖုန်း၊ Social Media နဲ့ အဆက်အသွယ်ဖြတ်ကာ သဘာဝတရားနဲ့ နီးကပ်အောင် နေသင့်ပါတယ်။

၇။ ညတိုင်း သင် ကျေးဇူးတင်တဲ့ အရာ ၅ ခုကို ချရေးပါ

ဝိတ်ကျတာက သင့် စိတ်အခြေအနေနဲ့ တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ ညတိုင်း သင့်ဘဝမှာ ကျေးဇူးတင်မိတဲ့ အရာ ၅ ခုကို ရွေးကာ ချရေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar