အားလုံးပဲ မင်္ဂလာပါ။ ဆွဲဆောင်မှုရှိဖို့ တစ်ကမ္ဘာလုံးမှာ အလှဆုံးဖြစ်စရာမလိုပါဘူး။ ကိုယ့်တန်ဖိုးကိုယ်သိပြီး ကိုယ့်ကိုကိုယ် တန်ဖိုးထားမယ်ဆိုရင် သင်က အလိုလို ဆွဲဆောင်မှုရှိနေတတ်ပါတယ်။

သာမန်မျက်နှာပုံစံပေမယ့် ဆွဲဆောင်မှုကောင်းလွန်းတဲ့အမျိုးသမီးတွေကို သင်မြင်ဖူးမှာပါ။ ဒီလိုအမျိုးသမီးတွေမှာ တွေ့ရတတ်တဲ့ အပြုအမူတွေကတော့-

၁။ ကိုယ့်အကြောင်းကိုယ်သိအောင် ကြိုးစားတယ်

ဆွဲဆောင်မှုရှိချင်သူတစ်ယောက်က တခြားသူတွေရဲ့ အကြောင်းထက် ကိုယ့်အကြောင်းကိုယ် ပိုသိတတ်ကြပါတယ်။ လူတွေက ကိုယ့်ကို ဘယ်အချက်လေးတွေ၊ ဘယ်အပြုအမူလေးတွေ သဘောကျတတ်လဲ၊ ကိုယ့်မှာရှိတဲ့အားသာချက်တွေက ဘာလဲ သိကြပါတယ်။

၂။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားက ဘာလဲ သိတယ်

ဆွဲဆောင်မှုရှိသူတစ်ယောက်က ကိုယ့်ခန္ဓာကိုယ် ပုံစံက ဘယ်လိုပုံစံလဲသိပြီး အဝတ်အစားကို အဆင်ပြေအောင်ဝတ်ဆင်တတ်ကြပါတယ်။ ခန္ဓာကိုယ်က Rectangle Shape လား Pear Shape လား စသဖြင့် သိကြပါတယ်။

၃။ အာရုံစူးစိုက်မှုရှိတယ်

ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေက တခြားလူပြောတဲ့စကားတွေကို ဂရုတစိုက်နားထောင်တတ်ကြပါတယ်။ ပြုံးပြုံးလေးနဲ့ နားထောင်ပေးတတ်ကြပါတယ်။

၄။ ပျော်ပျော်နေတတ်တယ်

သင်က ဆွဲဆောင်မှုရှိဖို့ တစ်ချိန်လုံး ပျော်ပြစရာမလိုပါဘူး။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ အရာတွေအပေါ် ကျေးဇူးတင်တတ်ပြီး အကောင်းမြင်စိတ်နဲ့ နေထိုင်သွားရင်တော့ ဆွဲဆောင်မှုအရှိဆုံးပါပဲ။

၅။ ကိုယ့်ပုံစံ

ဆွဲဆောင်မှုရှိသူတွေက ကိုယ့်ရဲ့ ဝတ်စားပုံ၊ မိတ်ကပ်၊ အပြင်အဆင် စတဲ့အရာတွေကို ဂရုစိုက်တတ်ကြပါတယ်။

၆။ ကိုယ်နေဟန်ထား

ကိုယ့်ရဲ့ကိုယ်နေဟန်ထားကို ကြည့်ပြီး ယုံကြည်မှုရှိသူ တစ်ယောက်ဟုတ်မဟုတ် ခွဲခြားနိုင်ပါတယ်။ ကိုယ်နေဟန်ထား နေတတ်သူတွေက ဓာတ်ပုံထဲမှာ ကြည့်ကောင်းတာကိုလည်း သင်သတိထားမိမှာပါ။

၇။ ကြင်နာတတ်တယ်

ဆွဲဆောင်မှုရှိသူတွေက ကိုယ်သိတဲ့ဗဟုသုတတွေကို တခြားသူတွေဆီ မျှဝေတတ်ပါတယ်။ လူတစ်ယောက်ရဲ့ နေ့တစ်နေ့ အဆင်ပြေသွားဖို့ ခွန်အားပေးတတ်ကြပါတယ်။

မိတ်ကပ်အလှဆုံးပြင်မှ ဆွဲဆောင်မှုရှိတာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး ကိုယ့်ကိုကိုယ်ချစ်တတ်တဲ့မိန်းကလေးတစ်ယောက်က ဆွဲဆောင်မှုအရှိဆုံးပါပဲ။

Photo Source: Pinterest

By MyStyle Myanmar