မင်္ဂလာပါနော်။ စာဖတ်သူတို့ထဲမှာ ဘာမှသိပ်မစားဘဲနဲ့တောင် အလိုလိုနေရင်း ဗိုက်ပူ၊ ဝိတ်တက်လာသလို ခံစားနေရတဲ့သူတွေရှိလား။ ဒီလိုဖြစ်တတ်တာက သင်တစ်ယောက်ထဲတော့မဟုတ်ပါဘူးနော်။ တစ်ခါတစ်လေ ဘာမှမစားဘဲနဲ့ ဝိတ်တက်လာတာက အစားအသောက်ထက် ကျန်းမာရေးနဲ့မညီတဲ့ အကျင့်မှားတွေ ရှိနေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။
ခန္ဓာကိုယ် ဝိတ်မတက်ဖို့ ကယ်လိုရီလောင်ကျွမ်းမှုက အရေးအကြီးဆုံးဖြစ်ပြီး ကယ်လိုရီများများ လောင်ကျွမ်းဖို့ဆိုရင် သင့်အစာခြေစနစ် ပုံမှန်ဖြစ်နေဖို့လိုပါတယ်။ အချို့ကျန်းမာရေးနဲ့မညီတဲ့ အလေ့အကျင့်တွေက အစာခြေစနစ်ကို ကမောက်ကမ ဖြစ်စေတာကြောင့် ဒါတွေကတစ်ဆင့် သင့်ကို အစားမစားဘဲ ဝိတ်တက်စေမှာပါ။ ဒီလိုမဖြစ်ရအောင် ရှောင်ပေးသင့်တဲ့ အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သင်ကိုယ်တိုင်လုပ်နေမိတဲ့အရာတွေပါနေမလား ကြည့်လိုက်ရအောင်နော်-
၁။ Stress အရမ်းများတာ
Stress တွေရှိတာက သင့်ကိုမစားဘဲ ဝလာစေနိုင်တဲ့အကြောင်းအရင်းတစ်ခုပါပဲနော်။ စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ Cortisol ထုတ်လုပ်မှုများလာတဲ့အခါ ဗိုက်နဲ့ ခါးမှာ အဆီတွေစုလာမှာပါ။ ဒါကြောင့်မို့ တတ်နိုင်သလောက် Stress တွေလျှော့ချနိုင်အောင်ကြိုးစားကြည့်ပါ။
၂။ တစ်နေကုန်နီးပါး ထိုင်နေမိတာ
သင်က အလုပ်ခုံရှေ့ အကြာကြီးထိုင်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင် မစားဘဲနဲ့လည်း ဝိတ်တက်နိုင်တာကို သတိရပေးပါ။ အထိုင်များတာက ခန္ဓာကိုယ်တွင်း အစာခြေစနစ်လည်ပတ်မှုကို နှောင့်နှေးစေပြီး ဗိုက်ထွက်လာတတ်ပါတယ်။ ထိုင်တာကြာလာတဲ့အခါ ခဏလောက်ဖြစ်ဖြစ် မတ်တပ်ထရပ်ပြီး လမ်းလျှောက်တာ၊ အကြောလျှော့တာလေးတွေ ပုံမှန်လုပ်ပေးဖို့မမေ့ပါနဲ့။
၃။ ပရိုတင်းပါတဲ့ အစားအသောက်တွေမစားတာ
ကိုယ်စားသမျှက အချိုနဲ့အဆီအဆိမ့်တွေဖြစ်နေရင်လည်း သင့်ကိုလွယ်လွယ်နဲ့ ဝိတ်တက်စေမှာပါ။ ဒါကြောင့်မို့ ဖြစ်သလိုစားတာထက် ကျန်းမာရေးနဲ့အညီ အာဟာရဖြစ်သလို အဆီလည်းမတက်တဲ့ ပရိုတင်းဓာတ်ပါတာတွေ ရွေးစားဖို့မမေ့သင့်ပါဘူး။
၄။ အိပ်ရေးအပျက်ခံတာ
အိပ်ရေးမဝတာကလည်း ကိုယ်တွင်းမှာ Cortisol ပမာဏများစေတာမို့ သင့်ကိုဝိတ်တက်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာများလာရင် အစာခြေစနစ်လည်း နှေးသွားတတ်တာကြောင့် အစာကောင်းကောင်းမခြေနိုင်ဘဲ ဝိတ်လွယ်လွယ်တက်လာမှာပါ။ အိပ်ရေးဝနေမှ နောက်တစ်နေ့မနက်မှာ စိတ်ရောကိုယ်ပါတက်ကြွပြီး ကယ်လိုရီတွေ ပိုလောင်ကျွမ်းမှာပါ။
၅။ အလေးမ လေ့ကျင့်ခန်း မလုပ်တာ
အလေးမ လေ့ကျင့်ခန်းတွေက အသားကျစ်ပြီး ကိုယ်ရည်စစ်စေတာမို့ လွယ်လွယ်နဲ့ ဝိတ်မတက်ဖို့ ဒီလိုလေ့ကျင့်ခန်းတွေက လိုအပ်ပါတယ်။ ဒါ့အပြင် ကြွက်သားကျစ်အောင်လေ့ကျင့်ပေးတာက အစာခြေစနစ်ကောင်းပြီး ကယ်လိုရီပမာဏများများလည်း လောင်ကျွမ်းစေမှာပါ။
၆။ အချိန်မှန်မစားဘဲ ဗိုက်အဆာခံတာ
ဗိုက်အဆာခံလိုက်တဲ့အခါ အစာခြေစနစ်ကပါ နှေးသွားတာကြောင့် ပြန်စားလိုက်တာနဲ့ အစာကောင်းကောင်းမခြေနိုင်တော့ဘဲ ခဏလေးနဲ့ဝိတ်တက်လာတတ်ပါတယ်။ အစာခြေစနစ်ပုံမှန်ဖြစ်နေအောင် အချိန်မှန်မှန်နဲ့ နည်းနည်းချင်း ခဏခဏစားတာမျိုး လုပ်ပေးရင် အကောင်းဆုံးပါပဲ။
၇။ Alcohol အသောက်များတာ
Alcohol က ရေဓာတ်ခန်းခြောက်စေတဲ့အပြင် နည်းနည်းလေးသောက်ရုံနဲ့ ကယ်လိုရီများများတက်စေတာမို့ မသောက်တာ အကောင်းဆုံးပါပဲ။ ခန္ဓာကိုယ်တွင်း အလိုအလျောက် ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်းလည်းကျစေတာမို့ သင့်ကိုလွယ်လွယ်နဲ့ ဝလာစေမှာပါ။
Photo Source: pinterest
By MyStyle Myanmar