သင်က အသက် ၃၀ ကျော်အရွယ်မှာ သင်လိုချင်တဲ့ ကိုယ်အလေးချိန်ကို ရောက်ပြီဆိုရင် ပုံမှန်အတိုင်း နေလို့ မရပြန်ပါဘူး။ အသက်အရွယ် ကြီးလာလေ ဝိတ်ချရဖို့က ပိုခက်ခဲလေပါပဲ။ ကိုယ်ရောက်နေတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ဖို့ လုပ်ရမယ့် အချက်တွေ ရှိပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ အိပ်ပေးပါ

သင့်အိပ်ချိန်ကို ပုံမှန်ထားတာက သင့်ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ် ဆိုတာ သင်သိပါသလား။ အိပ်ချိန်မှန်တာက သင့်အာရုံစိုက်အားကို ပိုကောင်းစေသလို လေ့ကျင့်ခန်း လုပ်တဲ့အချိန်လည်း အားပြည့်စေပါတယ်။ ဒါ့အပြင် ကူးစက်ဖျားနာရောဂါတွေ မဝင်အောင်လည်း တားဆီးပေးပါတယ်။

၂။ မစားခင် ရေသောက်ပေးပါ

ရေများများ ပုံမှန်သောက်ပေးရတာကိုတော့ သင်သိပြီး ဖြစ်မှာပါ။ ဒါ့အပြင် တစ်ခုခု မစားခင်လည်း ရေသောက်ပေးသင့်ပါတယ်။ ဒီလို သောက်လိုက်တာက ဗိုက်တင်းသွားစေပြီး အစာဝင်တာ လျော့စေပါတယ်။

၃။ ဦးစားပေးပါ

သင်က ဝိတ်ကျချင်တယ်ဆိုပြီး ဘာမှ မလုပ်ဘဲ နေလို့ မရပါဘူး။ ကိုယ်ရေစစ်ချင်သူတွေက အစားလျှော့စားသင့်ပြီး ခန္ဓာကိုယ် ကျစ်လျစ်ချင်သူတွေက လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ အသက် ၃၀ ကျော်ရင် ပိုလိုအပ်ပါတယ်။

၄။ ပြောင်းလဲပါ

ဒီလေ့ကျင့်ခန်း တစ်ခုတည်းကိုပဲ အမြဲ လုပ်နေရင် ပျင်းဖို့ကောင်းပါတယ်။ သင့် ဝိတ်ထိန်းတဲ့ ခရီးစဉ်မှာ လေ့ကျင့်ခန်းကို ခြောက်ပတ် တစ်ခါ ပုံစံပြောင်းသင့်ပါတယ်။ ဒီ Weight Loss Journey က တစ်သက်တာ လုပ်သွားရမှာမို့ သင်မပျင်းသွားဖို့ လိုပါတယ်။

၅။ သူငယ်ချင်းရှာပါ

သင်က ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို တစ်ယောက်တည်း လုပ်နေမယ်ဆိုရင် တစ်ခါတလေ ဒါက အထီးကျန်ပါတယ်။ သင်နဲ့ ရည်ရွယ်ချက်တူတဲ့ သူငယ်ချင်းတွေ ထားသင့်ပါတယ်။ ဒီလိုဆိုရင် အချင်းချင်း အားပေးနိုင်ပါတယ်။

၆။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံချစ်သူ ဖြစ်ပေးပါ

အနည်းဆုံး တစ်ပတ်မှာ တစ်ကြိမ် အသားရှောင်ပြီး အသီးအရွက်တွေပဲ စားပေးသင့်ပါတယ်။ ဒီလိုစားပြီး နောက်နေ့မှာတော့ သင့်ပန်းကန်ရဲ့ လေးပုံပုံ သုံးပုံကို ပရိုတင်းနဲ့ အသီးအရွက် ထည့်စားပေးရပါမယ်။

၇။ နည်းလမ်းအသစ် ရှာပါ

အဆီများတဲ့ အစားအသောက်ကို သင်က နှစ်သက်တယ်ဆိုရင် ဒါကို လုံးဝရှောင်တာမျိုး မလုပ်သင့်ပါဘူး။ ဒီအစား နည်းလမ်းသစ် ရှာသင့်ပါတယ်။ ဥပမာ- သင်က ကြက်ကြော်ကို ကြိုက်ရင် ဒီနေရာမှာ အဆီပိုနည်းတဲ့ ကြက်သားအကင်ကို ရွေးတာမျိုးပါ။ အကျင့်ဆိုးကို ဘယ်လိုပြောင်းလဲလို့ ရမလဲ စဉ်းစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar