ကိုယ်စားသုံးတဲ့ အစားအသောက်တွေက ကိုယ်ခန္ဓာကျန်းမာရေးအပြင် ဆံသားအတွက်ပါ သက်ရောက်မှု ရှိကြပါတယ်။ ဒါကြောင့် ဆံသားပျက်စီးတဲ့ပြဿနာကြုံတွေ့ရတတ်တဲ့ ပျိုမေတို့အနေနဲ့ ဆံသားကျန်းမာရေးကို အားဖြည့်ပေးပြီး ဆံပင်အရှည်မြန်အောင်ကူညီပေးနိုင်မယ့် အစားအသောက်တွေကို ပြောင်းလဲစားသုံးဖို့ လိုပါတယ်။ အခုဖော်ပြပေးမှာကတော့ ဆံသားကျန်းမာရေးအပြင် ကိုယ်ခန္ဓာအတွက်ပါ ကောင်းမွန်စေတဲ့ အစားအစာတွေ အကြောင်းပဲဖြစ်ပါတယ်။ သင်ကဆံပင်အားပြည့်ပြီးအရှည်မြန်ချင်တယ်ဆိုရင် အောက်မှာ ပါဝင်တဲ့ အစားအသောက်တွေကို ပုံမှန်စားသုံးဖို့မမေ့ပါနဲ့နော်။

ပါဝင်တဲ့အစားအသောက်တွေကတော့-

၁။ ဆာမွန်ငါး

ဆာမွန်ငါးရဲ့အဆီအနှစ်ဖြစ်တဲ့ Omega-3 Fatty Acids ဓာတ်ဟာဆိုရင် ဆံပင်နဲ့ နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေနိုင်တာကြောင့် ဆံသားကျန်းမာစေဖို့ စားသုံးသင့်တဲ့ ငါးအမျိုးအစားဖြစ်ပါတယ်။

၂။ ဟင်းနုနွယ်

ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးနိုင်တဲ့ဟင်းသီးဟင်းရွက်တွေထဲမှာ ဟင်းနုနွယ်ရွက်လည်း အပါအဝင်ပါပဲ။ ဟင်းနုနွယ်မှာ သံဓာတ်၊ ဗီတာမင် A နဲ့ C စတဲ့ အာဟာရဓာတ်မျိုးစုံပါဝင်နေပြီး သူ့မှာပါတဲ့ ဗီတာမင် A က ဆံပင်အရှည်မြန်ပြီးကျန်းမာသန်စွမ်းစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။

၃။ အစေ့အဆံများ

အစေ့အဆံတွေမှာ ဆံပင်အတွက်အားဖြည့်ပေးနိုင်တဲ့ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ သဘာဝအဆီဓာတ်တွေ ပါဝင်ပါတယ်။ ဆံပင်ပါးတဲ့သူတွေအနေနဲ့ အစေ့အဆံတွေစားသုံးခြင်းက ဆံပင်ထူပြီးသန်စွမ်းလာစေနိုင်ပါတယ်။ များသောအားဖြင့် ဗာဒံစေ့နဲ့ သစ်ကြားသီးတွေက ဆံသားကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ အစေ့အဆံတွေပဲဖြစ်ပါတယ်။

၄။ ကန်စွန်းဥ

ကန်စွန်းဥဟာလည်း ဗီတာမင် A ကြွယ်ဝတဲ့အစားအစာဖြစ်တာကြောင့် ဆံသားကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဒါ့အပြင် ကန်စွန်းဥမှာ ဆံသားပါးခြင်းနဲ့ ဆံပင်အရောင်မွဲခြင်းပြဿနာကို ပျောက်ကင်းအောင်ကူညီပေးနိုင်တဲ့ဓာတ်တွေပါဝင်နေပါတယ်။

၅။ ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာပါဝင်တဲ့ ပရိုတင်းဓာတ်က ကိုယ်ခန္ဓာနဲ့ဆံသားကျန်းမာရေးအတွက်များစွာအကျိုးပြုနိုင်တာကြောင့် စားသုံးသင့်တဲ့အစားအစာဖြစ်ပါတယ်။ ကြက်ဥအနှစ်က သင့်ဆံသားစိုပြေတောက်ပြောင်စေဖို့ လိုအပ်တဲ့ သဘာဝအဆီဓာတ်တွေဖြည့်တင်းပေးနိုင်ပါတယ်။

၆။ ဘယ်ရီသီးများ

ဘယ်ရီသီးတွေမှာ ဦးရေပြားအတွင်းသွေးလည်ပတ်မှုကောင်းမွန်စေတဲ့ ဗီတာမင် C ဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ များသောအားဖြင့် ဘလူးဘယ်ရီသီးတွေဟာ ဆံသားကျန်းမာစေမယ့် အာဟာရဓာတ်များစွာ ပါဝင်နေတဲ့အသီးတွေပဲဖြစ်ပါတယ်။

၇။ မြေပဲထောပတ်

မြေပဲထောပတ်က ပရိုတင်းဓာတ်ကြွယ်ဝပြီး သူ့မှာပါဝင်တဲ့ Biotin ဓာတ်က ဦးရေပြားခြောက်သွေ့ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတွေမဖြစ်အောင်လျှော့ချပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar