ပေါင်တံသွယ်သွယ်လေးဖြစ်ဖို့ဆိုရင် ပုံမှန်လေ့ကျင့်ခန်းနဲ့ အစားအသောက်ထိန်းစားခြင်းတွေအပြင် ပေါင်တံ တစ်ဝိုက်ကအဆီတွေကို ထိထိရောက်ရောက်ဖယ်ရှားနိုင်ဖို့အတွက် ကိုယ်တွင်းအဆီလောင်ကျွမ်းစေတဲ့ အစားအသောက်တွေ စားသုံးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီတစ်ခေါက်မျှဝေပေးချင်တာကတော့ ပေါင်တံအဆီကျဖို့အတွက် စားသုံးသင့်တဲ့ အစားအသောက်တွေအကြောင်းပဲ့ ဖြစ်ပါတယ်။ ဒီအစားအသောက်တွေက အဆီလောင်ကျွမ်းဖို့အတွက်အထောက်အကူဖြစ်စေတဲ့အပြင် အရသာလည်း ရှိတာကြောင့် နေ့စဉ်စားသုံးနိုင်တဲ့အစားအသောက်တွေဖြစ်ပါတယ်။

(၁) အစေ့အဆံများ

ဗာဒံစေ့နဲ့ သီဟိုဠ်စေ့စတဲ့ အစေ့အဆံအမျိုးမျိုးက ခန္ဓာကိုယ်ရဲ့ကြွက်သားတည်ဆောက်မှုကောင်းမွန်စေတာ ကြောင့် ပေါင်တွင်းအဆီကျဖို့အတွက် အထောက်အကူဖြစ်ပါတယ်။ အစေ့အဆံတွေကို အဆာပြေအနေနဲ့ စားတာက သရေစာစားချင်စိတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ဝိတ်ချနေတဲ့သူတွေအနေနဲ့ အစေ့အဆံအချို့ကို ကယ်လိုရီချင့်ချိန်ပြီး ပမာဏအနည်းငယ်စားသုံးနိုင်ပါတယ်။

(၂) ဥအမျိုးမျိုး

ပေါင်တံသွယ်ဖို့အတွက် ဥအမျိုးမျိုးကိုလည်းစားသုံးဖို့လိုပါတယ်။ ဥအမျိုးမျိုးက အဆီလောင်ကျွမ်းစေပြီး ကြွက်သားဖွံ့ဖြိုးမှုအတွက်လည်း ကူညီပေးနိုင်ပါတယ်။ အလွန်အကျွံစားဖို့မလိုဘဲ မနက်စာ ဒါမှမဟုတ် နေ့လည်စာစားတဲ့အခါမှာ ပုံမှန်အနေနဲ့ ထည့်သွင်းစားသုံးနိုင်ပါတယ်။

(၃) မြေပဲထောပတ်

မြေပဲထောပတ်မှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ကြွက်သားသန်မာဖို့ အထောက်အပံ့ဖြစ်စေ ပါတယ်။ မြေပဲထောပတ်ကို အချို့အစားအသောက်တွေနဲ့ တွဲဖက်စားသုံးတာက အချိုကြိုက်တဲ့သူတွေ အတွက်လည်းအဆင်ပြေစေပါတယ်။ ကယ်လိုရီပါဝင်မှုများတဲ့အတွက် ပမာဏများများစားခြင်းနဲ့ သီးသန့်စားခြင်းတို့ကိုတော့ရှောင်ပေးသင့်ပါတယ်။

(၄) Grapefruit

Grapefruit သီးမှာ သွေးတွင်းသကြားဓာတ်ထိန်းညှိပေးခြင်း ၊ အစာခြေစနစ်ဟန်ချက်ညီစေခြင်း အစရှိတဲ့ ကိုယ်ခန္ဓာအတွက်ကောင်းမွန်တဲ့ အာနိသင်များစွာပါဝင်ပါတယ်။ မနက်ခင်းမှာ Grapefruit ဖျော်ရည်တစ်ခွက် သောက်တာက ကိုယ်တွင်းအဆီလောင်ကျွမ်းစေနိုင်တဲ့အပြင် အသားအရေကိုလည်းစိုပြေစေပါတယ်။

(၅) ငါး

များသောအားဖြင့် အဆီဓာတ်ကြွယ်ဝတဲ့ငါးတွေဖြစ်တဲ့ တူနာနဲ့ဆာမွန်ငါးတွေကတော့ ကိုယ်တွင်းအဆီ လောင်ကျွမ်းမှုနှုန်းကိုမြှင့်တင်ပေးနိုင်တဲ့ ငါးအမျိုးအစားတွေဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ ပရိုတင်းဓာတ်က အချိန်အတော်ကြာဗိုက်ပြည့်စေပြီး မကြာခဏဗိုက်ဆာနေတာမျိုးမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

(၆) ဂျုံကြမ်း

ဂျုံကြမ်းနဲ့ပြုလုပ်တဲ့အစားအသောက်တွေက ကိုယ်တွင်းအဆီကို လျှော့ချပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်အလေးချိန် ထိန်းထားနိုင်ဖို့အတွက်လည်း ကူညီပေးပါတယ်။ ဒါကြောင့် ဂျုံကြမ်းပေါင်မုန့်၊ ဂျုံကြမ်းနဲ့ပြုလုပ်တဲ့ Cereals စတာတွေကိုမျှမျှတတစားသုံးသင့်ပါတယ်။

(၇) ပဲအမျိုးမျိုး

ပဲနီလေး ၊ ကုလားပဲနဲ့ ပဲတောင့်ရှည်စတဲ့ ပဲအမျိုးအစားတွေက ပရိုတင်းကြွယ်ဝတာကြောင့် ပုံမှန်စားသုံးသင့်တဲ့ အစားအသောက်တွေဖြစ်ပါတယ်။ ကြွက်သားဖွံ့ဖြိုးပြီး အစာခြေစနစ်ကောင်းမွန်စေတဲ့အတွက် Workout လုပ်တဲ့သူတွေအတွက်လည်း သင့်တော်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar