အားလုံးပဲမင်္ဂလာပါနော်။ ခါး၊ ဝမ်းဗိုက်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းက အဆီပိုတွေကို ဖယ်ရှားနိုင်ဖို့အတွက် ဘယ်လိုထိရောက်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့လိုသလဲဆိုတာသိချင်တဲ့ ပျိုမေတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကသင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်ချချင်တဲ့ပျိုမေတို့ ပုံမှန်ပြုလုပ်ပေးသင့်တဲ့ ခန္ဓာကိုယ်အတွက်အထိရောက်ဆုံး လေ့ကျင့်ခန်းတွေအကြောင်းကို မျှဝေပေးသွားမှာပါ။ သင်လုပ်နေကျလေ့ကျင့်ခန်းတွေထဲက ဘယ်နှစ်ခုပါလာမလဲ စိတ်ဝင်စားရင်ကြည့်လိုက်ရအောင်နော်-

၁။ Plank ထောက်ပေးပါ


Plank ထောက်တာက ဝမ်းဗိုက်အဆီပိုတွေဖယ်ရှားဖို့အတွက် အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်မျိုးပါပဲ။ တစ်နေ့ ငါးမိနစ်လောက် Plank ထောက်ပေးတာက ကယ်လိုရီလောင်ကျွမ်းပြီး လက်မောင်းနဲ့ ဝမ်းဗိုက်ကအဆီပိုတွေကျစေတဲ့အပြင် တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေကိုလည်းကျစ်လျစ်လာစေမှာပါ။

၂။ Squat ထိုင်ပေးပါ


ပျိုမေတို့နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ခန္ဓာကိုယ်ကိုထိန်းထားပြီး နောက်ကျောရိုးနဲ့ခါးကိုမတ်ကာ အထိုင်အချပြုလုပ်ရတဲ့ Squat ကလည်း နေ့စဉ်ပြုလုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းနဲ့ တင်ပါးကြွက်သားတွေကို ကျစ်လျစ်လာစေပါတယ်။ ပျိုမေတို့အနေနဲ့ တစ်နေ့မှာ Squat အကြိမ် (၁၀) ကြိမ်ကနေ (၁၅) ခန့် နှစ်ကြော့စီ ပြုလုပ်ပေးသင့်ပါတယ်။

၃။ Squat ထိုင်ပြီးပြန်ခုန်ရတဲ့ Jump Squats လေ့ကျင့်ခန်းပြုလုပ်ပါ

Photo Source: POPSUGAR

ထိုင်ထလုပ်တဲ့ပုံစံနဲ့ဆင်တူပြီး Squat ပုံစံထိုင်ပြီးနောက် ပြန်ထပြီးခုန်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုလည်း တစ်နေ့ (၁၅) ကြိမ် နှစ်ကြော့ခန့်ပြုလုပ်ပေးသင့်ပါတယ်။ သင့်ကိုပေါ့ပါးစေကာ အမောခံနိုင်ပြီး ခန္ဓာကိုယ်အောက်ပိုင်း အရိုးနဲ့ကြွက်သားတွေသန်မာလာစေဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။

၄။ Jumping Jacks လေ့ကျင့်ခန်းလုပ်ပေးပါ


နေ့စဉ်ပြုလုပ်သင့်တဲ့လေ့ကျင့်ခန်းတွေထဲမှာ ကယ်လိုရီလောင်ကျွမ်းမှုများတဲ့ Jumping Jacks လ့ကျင့်ခန်းလည်းပါဝင်ပါတယ်။ ပုံပါအတိုင်း တစ်ချိန်ထဲမှာ လက်မြှောက်ကာ ခြေထောက်ကားပြီးခုန်ပေးရမှာဖြစ်ပြီး တစ်နေ့ (၁၀) ကြိမ်ခန့် သုံးကြော့မှ လေးကြော့အထိပြုလုပ်ပေးနိုင်ပါတယ်။

၅။ Jack Knife လေ့ကျင့်ခန်းပြုလုပ်ပါ

Photo Source: Gfycat

လှဲချပြီးပြုလုပ်ပေးရတဲ့ Jack Knife ကခန္ဓာကိုယ်တစ်ခုလုံးက အဆီတွေကျစေတဲ့လေ့ကျင့်ခန်းမျိုးဖြစ်ပြီး ဗိုက်ချပ်စေတဲ့အပြင် တင်ပါးနဲ့ ပေါင်တံတွေကိုပါ ကျစ်လျစ်လာစေပါတယ်။ ပုံမှာပြထားတဲ့ ပုံစံအတိုင်း တစ်နေ့ ငါးမိနစ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် တစ်လလောက်အကြာမှာ သိသာတဲ့ရလဒ်ကိုရရှိလာစေမှာပါ။

၆။ Superman လေ့ကျင့်ခန်းပြုလုပ်ပေးပါ


ဒီလေ့ကျင့်ခန်းက လုပ်ရလွယ်ကူပြီး ကိုယ်ခန္ဓာတစ်လျှောက်က တင်းရင်းနေတဲ့အကြောတွေကို ပြေလျော့စေပါတယ်။ ပုံပါအတိုင်း တစ်ကိုယ်လုံးမှောက်ထားကာ ခြေထောက်နဲ့လက်တွေကိုဆန့်ပြီး မြှောက်ပေးရမှာပါ။ ဒါကိုတော့ အကြိမ် (၁၀) ကနေ (၁၂) ကြိမ် သုံးကြော့ခန့်ပြုလုပ်ပေးသင့်ပါတယ်။

၇။ Step Ups လေ့ကျင့်ခန်းလည်းပြုလုပ်ပေးသင့်ပါတယ်

Photo Source: Lifetime Daily

ပုံပါအတိုင်း လှေကားအတက်အဆင်းပုံစံပြုလုပ်ပေးရတဲ့လေ့ကျင့်ခန်းဖြစ်ပြီး ဒါကသင့်ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်ကြွက်သားတည်ဆောက်မှုကောင်းပြီး ကျစ်လျစ်လာစေဖို့ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ခြေထောက်တစ်ချောင်းချင်းစီ အတက်အဆင်းဖြေးဖြေးမှန်မှန်နဲ့ သင်လုပ်နိုင်သလောက် ၁၀ မိနစ်မှ မိနစ် ၃၀ ခန့်အထိပြုလုပ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar