သင့်အိတ်က အမြဲ ရှုပ်နေတတ်ပြီး ပစ္စည်းတစ်ခုရှာတိုင်း ဝင်္ကပါထဲ ရောက်သလို အကြာကြီး နှိုက်ရှာရတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ တကယ်တော့ အိတ်ကို ဘယ်လို စီမံရမလဲ သိထားရင် အိတ်ကို ရှင်းတာက မိနစ်အနည်းငယ်လောက်ပဲ ကြာမှာပါ။ ဒီတော့ သင့်အိတ်ထဲ နှိုက်ကာ အရင်လို အကြာကြီး ပစ္စည်း ရှာစရာ မလိုတော့ဘဲ Organize ဖြစ်စေမယ့် နည်းလမ်းတွေကို ကြည့်လိုက်ရအောင်-

၁။ ထည့်စရာအကန့်တွေကို သုံးပေးပါ

အိတ်အများစုမှာ ထည့်ဖို့ အကန့်လေးတွေ ပါတာကို သင်သိမှာပါ။ သင့်ပစ္စည်းအရေအတွက် အလိုက် ဒီအကန့်တွေထဲ အစီအစဉ်တကျ ပုံမှန်ထားသင့်ပါတယ်။ ဒါ့အပြင် အပိုအိတ်အကန့် မပါတော့ရင် အိတ်သေးသေးလေးတွေနဲ့ပါ ထည့်သင့်ပါတယ်။

၂။ ပုံမှန်သုံးဖြစ်တာတွေကိုပဲ အိတ်ထဲထည့်ပါ

တစ်ခါတလေ ပစ္စည်းတစ်ခုကို လိုလောက်မယ်ထင်ပြီး ထည့်ထားပေမယ့် လုံးဝမသုံးဖြစ်တာမျိုး ရှိမှာပါ။ ဒီလို ပစ္စည်းတွေကို ရှာထုတ်ပြီး ဖယ်သင့်ပါတယ်။ မဟုတ်ရင် မလိုတာတွေ စုနေပြီး သင့်အိတ်က ရှုပ်နေမှာပါ။

၃။ စာအုပ်ထည့်တဲ့အခါ

စာအုပ်တွေကို အိတ်တဲ့ထည့်တဲ့အခါ ဒေါင်လိုက်ပုံစံနဲ့ ထည့်ကာ စာမျက်နှာဘက်ခြမ်းကို အိတ်အနားနဲ့ ကပ်ထည့်ပြီး ကျန်တဲ့ အပိတ်ဘက် ဘေးမှာတော့ တခြားပစ္စည်းတွေ ထည့်နိုင်ပါတယ်။ ဒီပေါ်ကနေပဲ ဘောပင်တွေကို စာအုပ်ထဲ လိုက်ညှပ်သင့်ပါတယ်။ ဒီလိုဆိုရင် သင့်အိတ်ထဲ နေရာတွေ ပိုဆန့်ပြီး စာအုပ်ခေါက်တာလည်း နည်းပါလိမ့်မယ်။

၄။ စာရွက်တွေကို ဖိုင်တွေနဲ့ ထည့်ပါ

စာရွက်တွေ အိတ်ထဲ ပြန့်နေတာက လိုချင်တဲ့ပစ္စည်းတွေကို ထုတ်တဲ့အချိန် ရှုပ်ထွေးနိုင်ပါတယ်။ သင့်အိတ်ထဲ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ထည့်ထားရတယ်ဆိုရင် သတ်သတ်မှတ်မှတ် ဖိုင်တွေနဲ့ ထည့်သင့်ပါတယ်။

၅။ ပုံမှန်လုပ်သွားပါ

သင့်အိတ်ကို ခဏတဖြုတ် Organize လုပ်ပြီး နောက် ထပ်ပြီး မလုပ်ရင်တော့ အရင်လိုပဲ ပြန်ရှုပ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ သင့်ရဲ့ အရင်အကျင့်ဆိုးအတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အပေါ်က အချက်တွေကို သေချာလိုက်နာပြီး Organize လုပ်တတ်တဲ့ အလေ့အကျင့်ကို မွေးသွားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar