အသားအရေကြည်လင်နေဖို့ ထိန်းသိမ်းရတဲ့အလုပ်က ထင်သလောက်မလွယ်ကူပါဘူး။ Skincare ပစ္စည်းမျိုးစုံ၊ နည်းလမ်းမျိုးစုံကို အချိန်ပေးပြီးလေ့လာရတဲ့အတွက် တစ်ခါတစ်လေ ငြီးငွေ့ဖို့ကောင်းပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ အသားအရေကြည်လင်နေစေဖို့ ထွေထွေထူးထူးအချိန်ပေးစရာမလိုဘဲ လုပ်ရလွယ်ပြီး ထိရောက်တဲ့ နည်းလမ်းကောင်းတွေအကြောင်းကိုမျှဝေပေးလိုက်ပါတယ်။
၁။ ရေများများသောက်ပါ
ရေသောက်ခြင်းကအလွယ်ကူဆုံးနဲ့အထိရောက်ဆုံး အသားအရေထိန်းသိမ်းနည်းပါပဲ။ တစ်နေ့ကို ရေ (၈) ခွက်ပုံမှန်သောက်ပေးရုံနဲ့ ကိုယ်တွင်းကအဆိပ်အတောက်မှန်သမျှဖယ်ရှားပေးပြီး ကိုယ်ခန္ဓာကျန်းမာခြင်း၊ အသားအရေကြည်လင်ခြင်းစတဲ့ ကောင်းကျိုးတွေရစေမှာပါ။
၂။ ရေနွေးနဲ့ရေအေး
မျက်နှာသစ်တဲ့အခါ ရေနွေးနွေးနဲ့အရင်သစ်တာက ချွေးပေါက်ပွင့်စေတဲ့အတွက် မျက်နှာသစ်ဆေး အာနိသင်စိမ့်ဝင်စေဖို့အထောက်အကူဖြစ်ပါတယ်။ ရေနွေးနဲ့သစ်ပြီးနောက်မှာတော့ ချွေးပေါက်တွေကို ပုံမှန်ပြန်ဖြစ်စေဖို့ ရေအေးနဲ့ပြန်ဆေးချပေးပါ။ ဒီနည်းလမ်းက မျက်နှာသစ်လိုက်တိုင်းမှာ ထိထိရောက်ရောက် သန့်စင်သွားစေဖို့ ကူညီပေးနိုင်ပါတယ်။
၃။ မျက်နှာကိုဆံပင်နဲ့မထိအောင်ထားပါ
အသားအရေလှဖို့အတွက် အညစ်အကြေးနဲ့ ဘတ်တီးရီးယားတွေမကပ်စေဘဲ သန့်ရှင်းအောင်ထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ကိုင်တာ ဆံပင်နဲ့မကြာခဏထိတွေ့တာတွေမဖြစ်အောင် ဂရုစိုက်ပေးပါ။ ဆံပင်မှာကပ်နေတတ်တဲ့ ဖုန်၊ အဆီနဲ့ ဗောက်တွေက သင့်နဖူး၊ ပါးစောင်စတဲ့ မျက်နှာအစိတ်အပိုင်းတွေနဲ့ ထိတွေ့မိတဲ့အခါ ဝက်ခြံနဲ့အဆီဖုတွေ ထွက်လာတတ်ပါတယ်။
၄။ Sunscreen နေ့စဉ်လိမ်းဖို့လိုပါတယ်
နေရောင်ခြည်က နေ့စဉ်ထိတွေ့ရတဲ့အရာဖြစ်တာကြောင့် Sunscreen အမြဲလိမ်းပေးဖို့လည်းမမေ့သင့်ပါဘူး။ မျက်နှာအရေးအကြောင်းနဲ့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းတွေက Sunscreen ပုံမှန်မလိမ်းခြင်းရဲ့ အကျိုးတွေဖြစ်လို့ ဒါတွေမဖြစ်ရအောင် နေရောင်နဲ့တိုက်ရိုက်မထိတဲ့နေရာတွေမှာလည်း Sunscreen လိမ်းပေးရပါမယ်။
၅။ မျက်နှာကိုရေနွေးငွေ့ပေးပြီးပေါင်းတင်ပါ
ရေနွေးပူထည့်ထားတဲ့ဇလုံအပေါ်ကနေ မျက်နှာအပ်ပြီး ရေနွေးငွေ့ခံပေးရတဲ့ မျက်နှာပေါင်းတင်နည်းကလည်း လွယ်ကူထိရောက်ပြီး အသားအရေကြည်လင်စေမယ့် နည်းတစ်မျိုးပါပဲ။ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ချွေးပေါက်ပွင့်စေပြီး ဆားဝက်ခြံတွေကိုပါ လျှော့ပါးစေမှာပါ။
၆။ မိတ်ကပ်ထူထူတွေရှောင်ပါ
မျက်နှာကို ဓာတုပစ္စည်းပါဝင်တဲ့ အလှအပထုတ်ကုန်တွေနဲ့ထိတွေ့ခြင်းက အသားအရေကို ပိုပြီးပင်ပန်းစေပါတယ်။ ဒါကြောင့်ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်နိုင်ချေများတဲ့ Foundation လို မိတ်ကပ်သားထူတဲ့ပစ္စည်းတွေ မကြာခဏအသုံးပြုခြင်းကိုရှောင်ပေးသင့်ပါတယ်။
၇။ အိပ်ချိန်မှန်အောင်ထားပါ
နောက်ဆုံးအနေနဲ့ အသားအရေပျက်စီးမှုကိုလျှော့ချပေးနိုင်တာကတော့ အိပ်ချိန်မှန်မှန်အိပ်ပေးခြင်းပါပဲ။ အိပ်ချိန်ပုံမှန်သတ်မှတ်ထားပြီး တစ်နေ့ ၇နာရီခန့်အိပ်ပေးခြင်းက အသားအရေမွဲခြောက်ခြင်း၊ မျက်အိတ်ဖောင်းခြင်းနဲ့ မျက်ကွင်းညိုခြင်းစတဲ့ အရေပြားပြဿနာတွေကိုဖြေရှင်းပြီးသားဖြစ်စေပါတယ်။
Photo Source: Pinterest
By MyStyle Myanmar