မင်္ဂလာပါ ပျိုမေတို့ရေ။ ကိုယ့် Hairstyle လေးလှနေအောင် အမြဲပုံသွင်းရတာ အလုပ်ရှုပ်တယ်လို့ ခံစားနေရရင်တော့ အသစ်အဆန်းဖြစ်အောင် ဆံပင် Accessories လေးတွေ တပ်ကြည့်သင့်ပါတယ်နော်။ ဒီလိုလုပ်ပေးတာက ဒီတိုင်းဆံပင်ချထားတာထက်စာရင် မိန်းကလေးပိုဆန်သလို မျက်နှာလေးကိုလည်း လူငယ်ဆန်ဆန်နဲ့ ချစ်စရာကောင်းစေပါတယ်။

ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် ချစ်စရာကောင်းတဲ့ Hair Accessories တွေကို သူနဲ့လိုက်မယ့် Hairstyle တွေနဲ့တွဲပြီး ဝတ်ဆင်နည်းလေးတွေကို ဖော်ပြပေးသွားမှာပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ လှနေစေမယ့် အိုင်ဒီယာလေးတွေဖြစ်တာမို့ Hair Accessories ဝတ်ရတာကြိုက်တဲ့သူတွေ ဆက်ကြည့်လိုက်ရအောင်နော်။

ဆံပင်ကို ကျစ်ဆံမြီးပြေပြေလေး တစ်ဖက်ကျစ်ပြီး Scrunchy လို့ ခေါ်တဲ့ ပိုးသားခေါင်းစည်းကြိုးလေးတွေနဲ့ စည်းထားပေးတာမျိုး လုပ်ကြည့်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ မိန်းကလေးဆန်ဆန် နူးညံ့တဲ့ပုံစံလေး ရစေပါလိမ့်မယ်။

ဆံပင်အတိုလေးထားတတ်တဲ့သူတွေ၊ ဆံပင်ရှင်းရှင်းလေးထားရတာ ပိုကြိုက်တဲ့သူတွေက ဘီးကုပ်လေးတွေဝတ်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ လှပါတယ်။

ဘီးကုပ်ဝတ်ရတာ မကြိုက်ရင် ဒီလို ခေါင်းစည်းပုဝါလေး ပတ်ထားတာမျိုးကလည်း အခုခေတ် မိန်းကလေးတွေကြား လူကြိုက်များသလို သင့်ဆံပင်လေးကို တစ်မျိုးလေးဆန်းသွားစေမှာပါ။ ဒါ့အပြင် ကိုယ်ဝတ်ထားတဲ့ Outfit လေးနဲ့လည်း လိုက်ဖက်အောင် ဝတ်လို့ရတာမို့ ဖက်ရှင်လည်းကျပါတယ်။

ညှပ်ကလစ်အကြီးတစ်ခုကို ဆံပင်တစ်ဝက်စည်းပုံစံ နောက်ကညှပ်ထားတာမျိုး ပြုလုပ်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အမြင်အေးစေတဲ့ Hairstyle လေးရစေမှာပါ။

ဒီလို ဆံပင်အမြင့်စည်းပြီး ဇာဖဲကြိုးအပါးလေးကပ်ထားတဲ့ပုံစံလေး လုပ်ကြည့်ပါ။ ကလေးဆန်ပြီး အရမ်းချစ်စရာကောင်းပါတယ်။

ကျောက်ကလစ်အကြီးတွေကလည်း အမြင်ဆန်းသလို ထွေထွေထူးထူးပြင်စရာမလိုဘဲ ထင်းနေတဲ့ ဆံပင်စတိုင်လေးရစေမှာပါ။

ဖဲပြားကလစ်တွေ၊ ခေါင်းစည်းကြိုးတွေကလည်း ကောင်မလေးတိုင်းနဲ့ လိုက်ဖက်တာမို့ ဖဲပြားခပ်ကြီးကြီးတွေနဲ့ ဆံပင်တစ်ဝက်စည်းတဲ့ပုံစံလေး လုပ်ကြည့်ပါ။ စိတ်ကူးယဉ်ဆန်ပြီး နူးညံ့တဲ့ Vibe မျိုးရစေပါလိမ့်မယ်။

Photo Source: Pinterest, preview.ph