အလုပ်ဝင်ခါနီး အလုပ်အင်တာဗျူးဖြေရတာက စိတ်လှုပ်ရှားစရာ ကောင်းတဲ့ Activity တစ်ခုပါ။ ဘာလို့ဆို ကိုယ် အလုပ် ရမရက ဒီ အင်တာဗျူးပေါ်မှာ မူတည်နေတတ်လို့ပါ။ သင်က အလုပ်ပြောင်းမှာမို့ အင်တာဗျူး ဖြေမယ့်သူ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အခုမှ အလုပ်စဝင်မယ့်သူ ဖြစ်ဖြစ် အင်တာဗျူးမှာ အကောင်းဆုံး ဖြစ်ချင်မှာပါ။ အခုဖော်ပြထားတဲ့ မေးခွန်းတွေက အလုပ်တိုင်းနဲ့ ကိုက်ချင်မှ ကိုက်မှာပါ။ ဒါပေမဲ့ ဒီမေးခွန်းတွေကို ဖတ်လိုက်တာက သင့်အတွက် ကြိုပြင်ဆင်သလို ဖြစ်တာမို့ ကြိုလေ့လာထားတာ မမှားပါဘူး။

၁။ သင့်အကြောင်းနဲ့ သင့် Background ကို အတိုချုံးပြောပြပါ

သင့်အကြောင်း အကျဉ်းချုပ်နဲ့ သင် ဒီကုမ္ပဏီမှာ ဘာကြောင့်လျှောက်လဲ ဆိုတာကို အကျဉ်းချုံး ပြောသင့်ပါတယ်။ သင်ဘယ်ကလာတာလဲ၊ သင့်ပညာအရည်အချင်းကဘာလဲ၊ ဒီအလုပ်နဲ့ ဆက်စပ်ပြီး လုပ်ခဲ့ဖူးတဲ့ အလုပ်တွေ စတာတွေကို ဒီထဲ ထည့်ပြောသင့်ပါတယ်။

၂။ ဒီအလုပ်ကို ဘယ်ကနေ ကြားတာလဲ

အလုပ်ရှင်တွေက သူတို့ ကုမ္ပဏီကို အလုပ်လျှောက်သူတွေ ဘယ်လိုသိခဲ့တာလဲ သိချင်ကြပါတယ်။ ဒီအင်တာဗျူးခန်းထဲကို သင်ဘယ်လို ရောက်လာလဲ သိချင်တာပါ။ တကယ်လို့ သင်က ဒီအလုပ်ကို ဒီကုမ္ပဏီက အသိနဲ့ ဆက်သွယ်ပြီး သိလာတာဆိုရင် သူတို့ နာမည်ကို ထည့်ပြောဖို့ မမေ့သင့်ပါဘူး။ သင် ဘယ်လိုရှာရင်း တွေ့ခဲ့တာလဲ အသေးစိပ် ပြောပြနိုင်ပါတယ်။

၃။ ဘယ်လို အလုပ်ပတ်ဝန်းကျင်ကို လိုချင်လဲ

သင်က အင်တာဗျူး မဖြေခင်တည်းက ဒီကုမ္ပဏီအကြောင်းကို သေချာ Research လုပ်သင့်ပါတယ်။ ပြီးနောက် ဒီကုမ္ပဏီရဲ့ တည်ဆောက်ပုံ ကိုကြည့်ပြီး သင့်အဖြေထဲမှာလည်း ဒီတည်ဆောက်ပုံနဲ့ တူတဲ့ အဖြေကို ထည့်သင့်ပါတယ်။ အလုပ် မဝင်ခင်တည်းက အလုပ်ကို သေချာ လေ့လာထားကြောင်း သူတို့ သိအောင် ပြောသင့်ပါတယ်။

၄။ ဖိအားတွေ၊ စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေကို ဘယ်လို ဖြေရှင်းလေ့ရှိလဲ

ဖိအားတွေ ကြုံလာရင် သင်က အရှုံးပေးတတ်သူလား သူတို့ သိချင်ကြပါတယ်။ သင်က စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေဖျောက်လဲ သူတို့ သိအောင် ပြောနိုင်ပါတယ်။ အရင် အလုပ်အတွေ့အကြုံရှိရင်လည်း ဒီအလုပ်မှာ ဘယ်လိုဖြေရှင်းခဲ့လဲ ပြောပြနိုင်ပါတယ်။ အနာဂတ်မှာ ဘယ်လိုဖြေရှင်းသွားဖို့ ရှိကြောင်း ပြောနိုင်ပါတယ်။

၅။ တစ်ယောက်တည်း လုပ်ရတာကြိုက်လား၊ အဖွဲ့နဲ့ လုပ်ရတာ ကြိုက်လား

ဒါက သင် လေ့လာထားတဲ့ ကုမ္ပဏီပေါ် မူတည်ပြီး သင့်အဖြေကလည်း ကိုက်ညီသွားဖို့ လိုပါမယ်။

၆။ အလုပ်တွေပုံလာရင် ဘယ်လို Organize လုပ်မလဲ

သင့်ဆီမှာ အလုပ်တွေ များလာရင် ဘယ်လို အစီအစဉ်ချ ဖြေရှင်းလဲ သိထားဖို့ လိုပါတယ်။ သင်က Deadline တွေကို အလေးထားပြီး အရေးပါတာကို အရင်လုပ်လေ့ရှိသူဖြစ်ကြောင်း ဖြေနိုင်ပါတယ်။

၇။ လစာ ဘယ်လောက် မျှော်မှန်းထားလဲ

အလုပ်ရှင်တွေအနေနဲ့ သူတို့ Budget အလိုက် အဆင်ပြေတဲ့ ဝန်ထမ်းကို ခန့်မှာပါ။ သင်က အလုပ်က စီနီယာတွေ၊ Social Media ပေါ်က ကျွမ်းကျင်သူတွေက တဆင့် လစာ ဘယ်လောက်တောင်းလေ့ရှိလဲ ကြိုစုံစမ်းသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar