ပျိုမေတို့ထဲမှာ ဗိုက်ပူတတ်လို့ အဝတ်အစားရွေးတိုင်း ခေါင်းခြောက်ရတဲ့သူတွေရှိလား။ လွယ်လွယ်နဲ့ ဗိုက်အဆီစုတတ်တဲ့သူတွေဟာ ဖက်ရှင်အရွေးမှားတာနဲ့ ဗိုက်ပူတာပိုသိသာတတ်တာမို့ တွဲဝတ်မယ့်အဝတ်အစားတွေကို သေချာရွေးတတ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ဗိုက်ပူတာလုံးဝမသိသာစေဖို့ ဖက်ရှင်ရွေးချယ်ရာမှာ သိထားသင့်တဲ့ ဝတ်ဆင်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဖော်ပြထားတဲ့အချက်လေးတွေက ဗိုက်ကိုဖုံးထားမှန်းလည်း မသိသာဘဲ အထာကျကျဝတ်ချင်တဲ့သူတွေအတွက် လက်တွေ့အသုံးဝင်စေမှာပါ။

၁။ ကိုယ်ကျပ်၊ ခါးရှည်အင်္ကျီတွေ မဝတ်ပါနဲ့

ကိုယ်လုံးပေါ်အင်္ကျီတွေက ဗိုက်နည်းနည်းထွက်တာနဲ့ အရမ်းသိသာပါတယ်။ အထူးသဖြင့် အပေါ်ကော အောက်ပါ အကျပ်ဝတ်တာမျိုးကို ရှောင်ပေးပါ။ အင်္ကျီကို ဗိုက်မှာလုံးနေမယ့် ခါးအရှည်တွေ ဝတ်တာထက် ခါးအတိနဲ့ ခပ်ချောင်ချောင်လေးရွေးဝတ်ပေးရင် ပိုကောင်းပါတယ်။

၂။ အတွင်းဝတ်ကို အရောင်ရင့်တာလေးရွေးပြီး အပေါ်က အရောင်နုတစ်ထပ်နဲ့ တွဲဝတ်ပါ

ဗိုက်ထွက်တဲ့သူတွေအနေနဲ့ အပေါ်ဝတ်တစ်ထပ်တွဲဝတ်ပေးတာက ဗိုက်ကိုဖုံးလိုက်သလိုဖြစ်စေပါတယ်။ အရောင်မှိန်တဲ့အင်္ကျီတွေက အရိပ်ကျပြီး ခန္ဓာကိုယ် Shape မမြင်ရတာမို့ အတွင်းတစ်ထပ်ကို အမဲ၊ အညိုလို ကာလာတွေရွေးပြီး အပြင်ထပ်အတွက် အရောင်နုတာလေးနဲ့ လှည့်ပြီးဝတ်ပေးပါ။

၃။ ဗိုက်နဲ့ကွက်တိ ခါးပတ်ပတ်တာမျိုးရှောင်ပါ

ဗိုက်ပူတတ်တဲ့သူတွေက ဗိုက်နဲ့ကွတ်တိခါးပတ်ပတ်ထားရင် နည်းနည်းစားလိုက်တာနဲ့ ဗိုက်အင့်ပြီး နေရထိုင်ရ သက်တောင့်သက်သာမရှိဖြစ်တတ်ပါတယ်။ ခါးပတ်ပတ်မယ်ဆိုရင် ခါးအပေါ်ကို ခပ်မြင့်မြင့်ပတ်တာ၊ ခါးပတ်အကျပ်တွေထက် ဖြုတ်ရ၊ ညှိရလွယ်တဲ့ ခါးစည်းကြိုးလေးတွေသုံးတာမျိုး လုပ်ပေးဖို့လိုပါတယ်။

၄။ ခါးနေရာမှာ ခပ်ကားကားဖြစ်သွားတဲ့ အင်္ကျီလေးတွေဝတ်ပေးပါ

ဗိုက်ပူတတ်တဲ့သူတွေနဲ့ ဒီလို ခါးဘေးကားသွားတဲ့ အင်္ကျီလေးတွေက အရမ်းအဆင်ပြေပါတယ်။ ဗိုက်ပူတာလည်း မသိသာတော့သလို စားလိုက်လို့ ဗိုက်ကျပ်သွားတာမျိုးလည်း မဖြစ်တော့ပါဘူး။

၅။ ခါးစည်းမပါတဲ့ ဂါဝန်လေးတွေဝတ်ပါ

Dress လေးတွေဝတ်တတ်တဲ့သူက ခါးစည်းမလိုတဲ့ ဂါဝန်အောက်ပွလေးတွေ ဝတ်ပေးပါ။ ဝတ်ရတာလွတ်လပ်သလို ကလေးဆန်ပြီး ချစ်စရာလည်းကောင်းတဲ့ Vibe လေးရစေပါလိမ့်မယ်။

၆။ ကြယ်သီးများတဲ့ Jeans တွေရှောင်ပါ

ခါးရှေ့မှာ ကြယ်သီးများတဲ့ ဂျင်းဘောင်းဘီအကျပ်တွေက ဗိုက်ကိုပိုအာရုံစိုက်မိစေတာမို့ နေရကျပ်တဲ့အပြင် ဗိုက်ထွက်နေမှန်းလည်း သိသာပါတယ်။ ဒါကြောင့်မို့ ခါးနေရာမှာ သက်တောင့်သက်သာရှိမယ့် ရိုးရိုးကြယ်သီးနဲ့ ဂျင်းလေးတွေပဲ ရွေးဝတ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar