Social Media က အပျင်းပြေခဏတာကြည့်တာလောက်ပဲ ကောင်းပါတယ်။ အရမ်းသုံးလွန်းရင် တခြားအလုပ်ထက် ဒီ Social Media သုံးဖို့ကိုပဲ အာရုံရောက်နေပါလိမ့်မယ်။ Social Media ကို အလွန်အကျွံသုံးစွဲခြင်းက မကောင်းတဲ့အရာတွေ ရှိသလိုပဲ Social Media မသုံးတော့တဲ့အခါမှာ ရရှိလာမယ့် ကောင်းကျိုးတွေလည်း ရှိပါတယ်။

အားလပ်တဲ့အချိန်ပိုရလာခြင်း

တော်တော်များများက Social Media သုံးပြီဆိုရင် ဒီမှာပဲ အချိန်တွေပေးပြီး အချိန်ဖြုန်းနေတဲ့အတွက် တခြားအရာတွေမှာ အချိန်မပေးဖြစ်တာမျိုးတွေ ဖြစ်လာပါတယ်။ အားတဲ့အချိန်မှာလည်း ဖုန်းပဲကြည့်ပြီး Social Media သုံးနေတဲ့အတွက် အေးဆေးအနားယူချိန်တွေ လျော့နည်းလာပါတယ်။ ဒီတော့ Social Media သာမသုံးတော့ဘူးဆိုရင် အားလပ်ချိန်တွေ ပိုရလာမှာပါ။

တခြားသူနဲ့နှိုင်းယှဉ်တာတွေလျော့လာခြင်း

Social Media မှာ လှတဲ့သူတွေ၊ သုံးနိုင်ဖြုန်းနိုင်တဲ့သူတွေ၊ အောင်မြင်နေတဲ့သူတွေကို အားကျပြီး ကိုယ့်ကိုယ်ကို သူတို့တွေနဲ့ နှိုင်းယှဉ်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုလည်း သိမ်ငယ်စိတ်တွေဝင်လာတာ၊ စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်လာစေပါတယ်။ Social Media သုံးတာကို ရပ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို တခြားသူနဲ့နှိုင်းယှဉ်နေတာတွေလည်း လျော့လာပါလိမ့်မယ်။

မလိုအပ်တာတွေမဝယ်မိတော့ခြင်း

Online Shopping တွေကနေ စာလေးပို့ပြီး ကိုယ်လိုချင်တာမှာရုံနဲ့ အိမ်ရောက်လာတာဆိုတော့ မြင်နေတွေ့နေရင် မလိုအပ်တာလည်း ဝယ်ချင်ပြီး မှာမိနေမှာပါ။ Social Media မသုံးတော့ရင်တော့ အပြင်သွားပြီးဝယ်တာကလွဲလို့ Online ကနေ အလွယ်တကူဝယ်တာမျိုးတွေ ရှိတော့မှာမဟုတ်တဲ့အတွက် မလိုအပ်တာတွေမဝယ်မိတော့ဘူးပေါ့။

အရေးကြီးတဲ့အရာတွေအပေါ်မှာ Focus လုပ်နိုင်လာခြင်း

Social Media မှာအချိန်မဖြုန်းတော့တဲ့အတွက် ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ ကိုယ်လုပ်ချင်တဲ့အရာတွေ ကိုယ့်ရဲ့ Goals တွေအပေါ်မှာပဲ ပိုပြီးတော့ Focus လုပ်နိုင်လာပါလိမ့်မယ်။ အရေးမပါတာတွေအတွက် အချိန်မဖြုန်းတော့ပဲ အရေးကြီးတဲ့အရာတွေအပေါ်မှာပဲ ပိုပြီး Focus လုပ်နိုင်လာတဲ့အခါ ကိုယ့်အတွက် ပိုပြီးအကျိုးရှိစေပါတယ်။

လက်တွေ့ဘဝမှာ Social ပိုကောင်းလာခြင်း

တချို့က Social Media မှာ စာရိုက်စကားပြောပြီး ခင်မင်တဲ့သူများနေပေမယ့် အပြင်မှာဆို စကားမပြောရဲတာမျိုးတွေ၊ စကားမပြောတတ်တာမျိုးတွေ ရှိပါတယ်။ Social Media မှာ Social ကောင်းနေတာထက် အပြင်လက်တွေ့ဘဝမှာ Social ကောင်းတာက ကိုယ့်အတွက်ပိုအကျိုးရှိစေပါတယ်။ Social Media မသုံးတော့တဲ့အခါ ဒီလိုကောင်းကျိုးကို ရလာပါလိမ့်မယ်။

ဘယ်သူကစစ်မှန်တဲ့သူငယ်ချင်းလဲဆိုတာသိလာခြင်း

Social Media မှာ ခင်နေကြတယ်ဆိုတာတွေက Fake တွေအများကြီးပါ။ Social Media ပေါ်မှာတွေ့မှ သတိရတာမျိုး၊ စကားလာပြောတာမျိုးမဟုတ်ပဲ Social Media မသုံးပဲနေပြီး အပြင်လက်တွေ့ဘဝမှာ ကိုယ့်ကိုအမြဲဆက်သွယ်ပြီး ကိုယ်နဲ့အမြဲရှိပေးနေတဲ့သူတွေ ရှိလာရင် ဘယ်သူက စစ်မှန်တဲ့သူငယ်ချင်းလဲဆိုတာ ပိုသိလာစေပါတယ်။

စိတ်အခြေအနေပိုမိုကောင်းမွန်လာခြင်း

Social Media သုံးရင် အပျင်းပြေပြီး စိတ်ပျော်ရွှင်စရာတွေ ရှိသလို တစ်ဖက်မှာလည်း စိတ်ဓာတ်ကျတာ၊ အားကျတာ၊ စိတ်အလိုမကျတာ၊ ဒေါသထွက်တာတွေ ဖြစ်စေပါတယ်။ Social Media သုံးတာကို ရပ်လိုက်မယ်ဆိုရင်တော့ စိတ်အခြေအနေ ပိုမိုကောင်းမွန်လာမှာ သေချာပါတယ်။ ဒါကြောင့်လည်း တချို့ဆို စိတ်ညစ်ရင် Social Media သုံးတာကို ခဏ Break လုပ်လိုက်ကြတာပေါ့။