အစာစားပြီးရင် တော်တော်များများက လှဲနေကြတာ၊ ငြိမ်ပြီးထိုင်နေကြတာ များပါတယ်။ ဒီလိုနေရင်တော့ အဆီတက်ပြီး ဗိုက်ခေါက်ထွက်တာ၊ အစာမကြေတာ၊ ရင်ပြည့်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အစာစားပြီးနောက်မှာ ၁၀ မိနစ်လောက်ပဲဖြစ်ဖြစ် လမ်းလျှောက်ပေးသင့်ပါတယ်။ အစာစားပြီးတဲ့နောက်မှာ ၁၀ မိနစ်ခန့်လမ်းလျှောက်ပေးမယ်ဆိုရင် ဒီလိုကောင်းကျိုး ၇ ခု ရရှိလာမှာပါ။

အစာခြေစနစ်တိုးတက်လာခြင်း

အစာစားပြီး ၁၀ မိနစ်လောက် လမ်းလျှောက်ပေးခြင်းက ဗိုက်တင်းပြီး ရင်ပြည့်သလိုဖြစ်နေတာတွေ အားလုံးသက်သာစေပြီး အစာခြေစနစ် တိုးတက်လာစေပါတယ်။ ဒါကြောင့် စားပြီး အစာမကြေဖြစ်မှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့။

သွေးတွင်းသကြားဓာတ်ကိုထိန်းညှိုပေးခြင်း

အစာစားပြီးတဲ့နောက်မှာ ၁၀ မိနစ်လောက် လမ်းလျှောက်ပေးခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိုပေးထားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။

ကိုယ်အလေးချိန်ထိန်းရာတွင်အထောက်အကူဖြစ်ခြင်း

အစာစားပြီး ထိုင်နေတာ၊ လှဲနေတာက အဆီတက်စေတဲ့အတွက် လမ်းလျှောက်ပေးမယ်ဆိုရင် အဆီတက်တာမျိုးလည်း မဖြစ်တော့ပါဘူး။ International Journal of General Medicine မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် အစာစားပြီးပြီးချင်း လမ်းလျှောက်တာက အစာစားပြီး တစ်နာရီကြာအောင် စောင့်ပြီးမှ လမ်းလျှောက်တာထက် ကိုယ်အလေးချိန်ကျချင်တဲ့ သူတွေအတွက် ပိုအကျိုးရှိစေတယ်လို့ ဆိုပါတယ်။

နှလုံးကျန်းမာရေးကိုမြှင့်တင်ပေးခြင်း

လမ်းလျှောက်ခြင်းက နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး သွေးလည်ပတ်မှုကို အားကောင်းစေတယ်၊ နှလုံးကျန်းမာရေးကိုလည်း မြှင့်တင်ပေးပါတယ်။ အစာစားပြီး ၁၀ မိနစ်လမ်းလျှောက်ပေးတာက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးခြင်း

အစာစားပြီးတဲ့နောက်မှာ လမ်းလျှောက်ပေးခြင်းက insulin အာရုံခံနိုင်စွမ်းကို တိုးတက်စေပြီး အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

Mood ပိုကောင်းစေခြင်း

စားပြီးသောက်ပြီး ငြိမ်နေတာက အဆီရစ်ပြီး အိပ်ချင်တာ၊ လေးလံထိုင်းမှိုင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် အစာစားပြီး ၁၀ မိနစ်လောက် လမ်းလျှောက်ပေးမယ်ဆိုရင်တော့ mood ပိုကောင်းလာစေပြီး စိတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာစေပါတယ်။

ပိုမိုကောင်းမွန်စွာအိပ်ပျော်စေခြင်း

အစာစားပြီးတဲ့နောက်မှာ ခဏလောက် လမ်းလျှောက်ပေးခြင်းအပါအဝင် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုအားလုံးက ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေဖို့ကို အထောက်အကူဖြစ်စေပါတယ်။