ကုန်ကျစရိတ်သက်သာစေတဲ့ သဘာဝနည်းလမ်းတိုင်းကလည်း သင့်အသားအရေနဲ့ အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် Sensitive အသားအရေရှိတဲ့သူတွေဆိုရင် တစ်ချို့အိမ်တွင်းနည်းလမ်းတွေကြောင့် အသားအရေပါပျက်စီးသွားနိုင်ပါတယ်။ ဒါတွေမဖြစ်ရအောင် ဘေးထွက်ဆိုးကျိုးရှိနိုင်တဲ့ နည်းလမ်းတွေကို ရှောင်ဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာ အိမ်တွင်းသဘာဝနည်းတွေသုံးပြီး အသားအရေထိန်းသိမ်းချင်တဲ့ ပျိုမေတို့အနေနဲ့ သတိထားရမယ့် ထိန်းသိမ်းနည်းအမှားတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ အသားထင်းစေတဲ့ DIY Mask တွေသုံးမိခြင်း


အိမ်တွင်းသဘာဝပစ္စည်းတွေနဲ့ ရောစပ်ထားတဲ့ မျက်နှာပေါင်းတင်နည်းတွေက အသားအရေအတွက် အကျိုးပြုပေမယ့် မုန်လာဥနဲ့ နနွင်းမုန့်မျိုး အရောင်ထင်းစေတဲ့ ပါဝင်ပစ္စည်းတွေကိုတော့ သတိထားဖို့လိုပါတယ်။ ဒါတွေကသင့်အသားအရေကို အရောင်ဆိုးမိသလိုဖြစ်စေပြီး ပြန်ဖျက်မရဘဲစွဲသွားစေနိုင်ပါတယ်။

၂။ မျက်နှာမှာ အုန်းဆီလိမ်းခြင်း


အုန်းဆီက အဆီပြန်တတ်တဲ့အသားအရေတွေအတွက်အဆင်မပြေပါဘူး။ ချွေးပေါက်ပိတ်စေပြီး ဝက်ခြံပိုထွက်စေပါတယ်။ ဒါကြောင့် အုန်းဆီပါဝင်တဲ့အိမ်တွင်းအသားအရေထိန်းသိမ်းနည်းတွေကို တတ်နိုင်သလောက်ရှောင်ဖို့လိုပါတယ်။

၃။ မျက်နှာအသားအရေတောက်ပစေဖို့ သံပယိုသီးသုံးခြင်း


သံပယိုသီးမှာ အသားအရေတောက်ပစေတဲ့ pH အက်စစ်ဓာတ်တွေပါဝင်ပေမယ့် အက်စစ်ပါဝင်မှု မြင့်မားတာကြောင့် မကြာခဏသုံးမယ်ဆိုရင် အရေပြားအလွှာတွေကိုပျက်စီးစေပြီး အသားပါးလာစေပါတယ်။ များသောအားဖြင့် Sensitive အသားအရေရှိသူတွေအနေနဲ့ သံပယိုသီးကိုမျက်နှာအတွက်အသုံးပြုတဲ့အခါမှာ အသားအရေနီမြန်းခြင်းနဲ့ အရေပြားယားယံခြင်းတွေဖြစ်လာတတ်ပါတယ်။

၄။ ချွေးနံ့ဖယ်ရှားဖို့အတွက် ပန်းသီးရှာလကာရည်အသုံးပြုခြင်း


ပန်းသီးရှာလကာရည်ကို ချွေးနံ့မထွက်အောင်ထိန်းတဲ့နေရာမှာ အသုံးပြုနိုင်ပေမယ့် သူ့မှာပါဝင်တဲ့ အက်စစ်ဓာတ်အပြင်းက အသားနုနုပေါ်ကျရောက်တဲ့အခါ အရေပြားလောင်ခြင်းနဲ့ ယားယံခြင်းတွေ ဖြစ်တတ်တာကိုတော့ သတိပြုဖို့လိုပါတယ်။

၅။ မုန့်ဖုတ်ဆိုဒါနဲ့ ချေးချွတ်ခြင်း

မုန့်ဖုတ်ဆိုဒါကို ဆဲလ်သေနဲ့ဘက်တီးရီးယားတွေဖယ်ရှားပေးမယ့် ချေးချွတ်ပစ္စည်းအဖြစ်သုံးနိုင်ပေမယ့် သူမှာ အသားအရေကို တဖြည်းဖြည်းအစိုဓာတ်ခန်းခြောက်ပြီး ခြောက်သွေ့ကြမ်းတမ်းစေနိုင်တဲ့ အာနိသင်တွေလည်းပါဝင်နေပါတယ်။

၆။ ဝက်ခြံဖုပေါ်မှာ သွားတိုက်ဆေးလိမ်းခြင်း


နီမြန်းနေတဲ့ ဝက်ခြံဖုတွေအမြန်ခြောက်စေဖို့အတွက် သွားတိုက်ဆေးနဲ့ဖုံးတဲ့ နည်းလမ်းကိုလည်း ရှောင်ဖို့လိုပါတယ်။ ဒါက သင့်အသားအရေနဲ့ဓာတ်မတည့်တဲ့အခါမှာ အရေပြားကို သွားတိုက်ဆေးလောင်ပြီး နီမြန်းလာစေပါတယ်။

၇။ အသားအရေကို ရေနွေးငွေ့နဲ့အချိန်ကြာကြာပေါင်းတင်ခြင်း


ရေနွေးငွေ့နဲ့ပေါင်းတင်တာက သွေးလည်ပတ်မှုကောင်းစေပြီး အသားအရေချောမွတ်စေပါတယ်။ ဒါပေမယ့် လိုအပ်တာထက် အချိန်ကြာကြာပြုလုပ်မယ်ဆိုရင်တော့ အရေပြားခြောက်သွေ့စေတဲ့အပြင် လွန်ကဲတဲ့ အပူဓာတ်ကြောင့် အသားအရေကော်လဂျင်ဓာတ်ပျက်စီးပြီး အရွယ်မတိုင်ခင် မျက်နှာအရေးအကြောင်းတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် မျက်နှာကိုရေနွေးငွေ့နဲ့ပေါင်းတင်တဲ့အခါ ငါးမိနစ် ဆယ်မိနစ်ထက်မကျော်စေဘဲ ပြုလုပ်ပေးသင့်ပါတယ်။

Photo Source: Brightside.me, Pinterest

By MyStyle  Myanmar