မိတ်ကပ်လိမ်းတဲ့အခါ လိမ်းထားမှန်းမသိသာဘဲ တစ်နေကုန် သဘာဝဆန်ဆန်လေး လှနေတာမျိုးကို ပျိုမေတိုင်းလိုချင်ကြမှာပါ။ ဒီလိုဖြစ်ဖို့အတွက် အသုံးပြုမယ့် မိတ်ကပ်အရောင်နဲ့ လိမ်းခြယ်နည်းတွေက ကိုယ့်မျက်နှာအသားအရေနဲ့လိုက်ဖက်နေဖို့လိုပါတယ်။ တစ်ခါတစ်ရံမိတ်ကပ်ထူသွားတာ၊ အရောင်မလှတာတွေက သင့်ကိုပုံမှန်ထက်ရုပ်ရင့်စေတတ်ပါတယ်။ ဒါကြောင့် သဘာဝဆန်ဆန်နုပျိုလှပတဲ့ Makeup Look လိုချင်သူတိုင်း သတိထားပေးရမယ့် မိတ်ကပ်လိမ်းခြယ်နည်းအမှားတွေကို မျှဝေပေးပါရစေ။

၁။ Foundation ပမာဏအနည်းအများ


တစ်ခါတစ်ရံ Foundation များများလိမ်းတာက သင့်မျက်နှာမှာရှိတဲ့အရေးအကြောင်းနဲ့ ဝက်ခြံအဖုတွေ ပိုပေါ်စေပြီး ကြည့်ရဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အစိုဓာတ်ဖြည့်ပေးပြီး အဆီအရမ်းမပြန်တဲ့ Foundation မျိုးကို ခပ်ပါးပါးလိမ်းပြီးအသုံးပြုပေးပါ။

၂။ အသားအရေအစိုဓာတ်မရှိခြင်း


အသက်အရွယ်ရလာတာနဲ့အမျှ အသားအရေအစိုဓာတ်ခန်းခြောက်လာတတ်တာကြောင့် နုပျိုတဲ့ Makeup Look ရဖို့ ရေဓာတ်များများဖြည့်ပေးနိုင်တဲ့ မိတ်ကပ်ပစ္စည်းတွေသုံးဖို့လိုပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ အိပ်ရေးပျက်ထားလို့ အရေးအကြောင်းပေါ်တာ၊ မျက်ကွင်းညိုပြီး အသားအရေခြောက်ကပ်နေတာမျိုး မဖြစ်ရအောင် ညပိုင်းတွေမှာ သင့်တော်တဲ့ Night Cream တစ်မျိုးပုံမှန်လိမ်းပေးသင့်ပါတယ်။

၃။ Powder များများသုံးခြင်း


မိတ်ကပ်လိမ်းပြီးတဲ့အချိန် အဆီမပြန်ဘဲ မိတ်ကပ်သားညီစေဖို့ Powder လိမ်းလေ့ရှိကြပါတယ်။ ဒါပေမယ့် အရေးအကြောင်းတွေရှိတတ်တဲ့ မျက်ကွင်းနားတစ်ဝိုက်မှာ Powder ခဏခဏလိမ်းတာမျိုးကိုတော့ ရှောင်ပေးပါ။ ဒါကသင့်အသားအရေကိုခြောက်သွေ့စေပြီး အသက်ကြီးပုံပေါက်စေနိုင်ပါတယ်။

၄။ Eye Makeup အရောင်အရမ်းတောက်ခြင်း


ရွှေရောင်၊ငွေရောင်စတဲ့သတ္တုရောင် Eye Shadow တွေက တစ်ခါတစ်ရံမှာ အရေးအကြောင်းပိုပေါ်စေပြီး မျက်ခွံတစ်ဝိုက်အသားခြောက်စေပါတယ်။ မျက်လုံးအရောင်မွဲပြီး အသက်ကြီးပုံလည်းပေါ်စေတာကြောင့် ဒီလို အရောင်အတောက်တွေကိုရှောင်ပြီး သဘာဝဆန်တဲ့ Matte အရောင်ငြိမ်ငြိမ်လေးတွေကို အသုံးပြုပေးသင့်ပါတယ်။

၅။ ပါးနီအရောင်ရွေးချယ်မှု

ပါးနီအတွက်အရောင်မှိုင်းမှိုင်းတွေအစား ပန်းရောင်၊ လိမ္မော်ရောင်စတဲ့ ခပ်လင်းလင်းကာလာလေးတွေ အသုံးပြုပေးပါ။ ဒီလိုအရောင်နုလေးတွေဆိုးပေးတာက သင့်မျက်နှာကိုပိုနုပျိုပြီး စိုစိုပြေပြေနဲ့ Glow နေစေပါတယ်။

၆။ Lipstick အရောင်ရွေးချယ်မှု


မှားယွင်းတဲ့ နှုတ်ခမ်းနီအရောင်တွေကလည်း သင့်ကိုအသက်ကြီးပုံပေါက်စေတာကိုသတိထားဖို့လိုပါတယ်။ ဒါကြောင့် အရောင်မှိုင်းပြီး နှုတ်ခမ်းသားမွဲခြောက်စေတဲ့ နှုတ်ခမ်းနီတွေကို တတ်နိုင်သလောက် ရှောင်ပေးပါ။ နှုတ်ခမ်းအစိုဓာတ်ဖြည့်ပေးနိုင်တဲ့ အရောင်လွင်လွင်လေးတွေကိုသာအသုံးပြုသင့်ပါတယ်။

၇။ မျက်ခွံအောက်ပိုင်းမိတ်ကပ်များခြင်း

Eyeliner နဲ့ Mascara တွေသုံးတဲ့အခါ မျက်ခွံအောက်ပိုင်းတစ်ဝိုက်ကို ခပ်ပါးပါးပဲဆိုးပေးသင့်ပါတယ်။ မျက်လုံးအောက်ပိုင်း မိတ်ကပ်များတာက အချိန်ကြာလာတဲ့အခါ အစွန်းအထင်းဖြစ်ပြီး မျက်ကွင်းညိုမဲလာတတ်တာကို သတိပြုပေးပါ။

Photo Source: Pinterest

By MyStyle Myanmar