တစ်ခါတစ်ရံမှာ အရာရာက အဓိပ္ပာယ်မရှိတော့သလို စိတ်ပျက်အားလျော့ပြီး မျှော်လင့်ချက်မဲ့နေတာမျိုးကို တော်တော်များများကြုံဖူးကြမှာပါ။ ဒီလိုမျိုးစိတ်ဓာတ်ကျလာတဲ့အခါ အလွယ်တကူနဲ့ စိတ်အားပြန်လည်တက်ကြွစေဖို့ သင့်အနေနဲ့ ယောဂလေ့ကျင့်ခန်းအချို့ကို ပြုလုပ်ပေးလို့ရပါတယ်။ ယောဂနဲ့လေ့ကျင့်ခန်းတွေက ဦးနှောက်သွေးလည်ပတ်မှုကိုကောင်းစေတာကြောင့် စိတ်တည်ငြိမ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတို့ မြင့်တက်စေပြီး စိတ်ဓာတ်ကျခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ မကြာခဏစိတ်ဖိစီး၊ စိတ်ဓာတ်ကျခြင်းကို လျှော့ချနိုင်ဖို့ ပြုလုပ်လို့ရတဲ့ ယောဂကျင့်စဉ်ပုံစံအချို့ကို မျှဝေပေးပါရစေ။

၁။ Child Pose

သက်တောင့်သက်သာပြုလုပ်လို့ရတဲ့ ယောဂပုံစံတစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာအောက်ပိုင်းတစ်လျှောက် အကြောပြေလျော့စေပါတယ်။ လုပ်ရမယ့်ပုံစံကတော့ ဒူးထောက်ထိုင်ချထားပြီး ခြေမနှစ်ခုကိုကပ်ထားပေးပါ။ ပြီးနောက် ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့လက်နှစ်ဖက်ကို အရှေ့ဆန့်ထုတ်ပြီး သင့်လက်ဝါးကို ကြမ်းပြင်နဲ့ ကပ်ထားရပါမယ်။ ဒီပုံစံအတိုင်း မိနစ်အနည်းငယ်နေပြီး အကြောလျှော့ပေးနိုင်ပါတယ်။

၂။ Bridge Pose

ကြမ်းပြင်ပေါ်လှဲချပြီး ဒူးထောက်ကာ ခန္ဓာကိုယ်အောက်ပိုင်းကိုပင့်တင်ပေးထားရပါမယ်။ လက်တွေကိုတော့ ကြမ်းပြင်ပေါ်ကပ်ထားပေးပြီး ဒူးနှစ်ဖက်ကိုအနည်းငယ်ကားထားပေးပါ။ သင့်ရင်ဘတ်နဲ့မေးစေ့ထိလောက်တဲ့ အထိ ဖြေးဖြေးချင်းပင့်တင်ပေးပြီး စက္ကန့်အနည်းငယ်ထားပေးနိုင်ပါတယ်။ ဒီယောဂပုံစံက နောက်ကျော ကြွက်သားနာကျင်ခြင်းကိုဖြေလျှော့ပေးနိုင်ပြီး စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကိုသက်သာစေပါတယ်။

၃။ Upward-Facing Dog Pose

ခန္ဓာကိုယ်အပေါ်ပိုင်းအတွက်ထိရောက်စေတဲ့ ယောဂပုံစံဖြစ်ပြီး ပုံပါအတိုင်း လက်နှစ်ဖက်အားပြုပြီး ခန္ဓာကိုယ်ကို ပင့်တင်ထားပေးရမှာပါ။ ခြေထောက်တွေကိုဆန့်ထုတ်ပြီး ခြေဖမိုးကိုကြမ်းပြင်နဲ့ထိထားပေးပါ။ စက္ကန့် ၃၀ မှ တစ်မိနစ်အထိပြုလုပ်နိုင်ပါတယ်။ အကြောပြေပြီးစိတ်ကိုလန်းဆန်းစေတာကြောင့် စိတ်ဓာတ်ကျနေသူတွေပြုလုပ်ဖို့အရမ်းသင့်တော်ပါတယ်။

၄။ Downward-Facing Dog Pose

ပုံပါအတိုင်း V ဇောက်ထိုးပုံစံ လက်တွေကိုကြမ်းပြင်မှာထောက်ထားပြီးပြုလုပ်ပေးရတဲ့ ယောဂပုံစံကတော့ ဝမ်းဗိုက်ကြွက်သားတင်းရင်းစေပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ တစ်ကိုယ်လုံးကအကြောတွေကို ဖြေလျော့စေပြီး စိတ်ညစ်ညူးခြင်း၊ စိတ်ဖိစီးခြင်းတွေကို ထိထိရောက်ရောက်သက်သာလာစေမှာဖြစ်လို့ ဒီပုံစံအတိုင်း တစ်နေ့ တစ်မိနစ်ခန့်ပြုလုပ်ပေးသင့်ပါတယ်။

၅။ Standing Forward Fold Pose

ခန္ဓာကိုယ်အပေါ်ပိုင်းနာကျင်ခြင်းကိုသက်သာစေပြီး အာရုံကြောအားကောင်းစေတဲ့ ယောဂကျင့်စဉ်ဖြစ်ပါတယ်။ ပုံပါအတိုင်း ဒူးမကွေးစေဘဲ အောက်ငုံ့ထားပြီး လက်နှစ်ဖက်နဲ့ ခြေမျက်စိနားကိုကိုင်ပေးပါ။ ကိုယ်လုပ်နိုင်သလောက် တစ်မိနစ်မှ နှစ်မိနစ်ခန့်အထိပြုလုပ်နိုင်ပါတယ်။ သင့်ကိုစိတ်တည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေဖယ်ရှားနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

၆။ Corpse Pose

နောက်ဆုံးပြုလုပ်ပေးရမယ့်ပုံစံကတော့ အသက်ခပ်ပြင်းပြင်းရှုသွင်းရှုထုတ်ပြုလုပ်ပြီး မိနစ်အနည်းငယ် ကြမ်းပြင်မှာ သက်တောင့်သက်သာလှဲနေပေးရမှာပါ။ သင့်ကို စိတ်ရောကိုယ်ပါအပန်းပြေစေပြီး စိတ်ဓာတ်ကျခြင်းကနေ ရုန်းထွက်နိုင်အောင်ကူညီပေးပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar