ခါးဘေးအဆီရှိတာက ခါးတုတ်သလိုမြင်ရတာမို့ သင့်ကို ခါးတိုနဲ့ ကိုယ်ကြပ်အင်္ကျီလေးတွေဝတ်ဖို့ မဝံ့မရဲ ဖြစ်စေမှာပါ။ ထိုင်တဲ့အခါလည်း သက်တောင့်သက်သာမရှိဖြစ်တတ်တာမို့ စိတ်ရှုပ်စရာကောင်းပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုခံစားနေရပြီဆိုရင်တော့ ဒီဆောင်းပါးမှာပါတဲ့ ယောဂလေ့ကျင့်ခန်းတွေကို လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ယောဂလေ့ကျင့်ခန်းတွေဖြစ်တာမို့ စိတ်ဖိစီးမှုဖြေလျော့ကာ ခန္ဓာကိုယ်ပျော့ပြောင်းလာမယ့်အပြင် ခုန်ပေါက်ပြီးလုပ်ရတဲ့ လေ့ကျင့်ခန်းမျိုး မလုပ်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေမှာပါ။ လိုက်လုပ်ကြည့်ဖို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

၁။ Chair Pose


လက်နှစ်ဖက်အပေါ်မြှောက်ကာ ဒူးအနည်းငယ်ကွေးထားပါ။ တင်ပါးအနည်းငယ်ကော့ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆွဲဆန့်ထားရပါမယ်။ ဒီပုံအတိုင်း ဟန်ချက်ထိန်းပြီး စက္ကန့် ၃၀ လောက်နေပေးပါ။

၂။ Balancing Pose


Balancing Pose က ဝမ်းဗိုက်ကြွက်သားတွေတင်းရင်းစေတာမို့ ခါးဘေးအဆီကျပြီး ကျစ်လျစ်လာစေမှာပါ။ ခန္ဓာကိုယ်မှောက်ကာ ဗိုက်ကိုအားပြုပြီး ခြေထောက်နှစ်ချောင်းစုပြီး နောက်ပြန်မြှောက်ထားပါ။ လက်နှစ်ဖက်လုံးကိုလည်း နောက်ပြန်ဆန့်ထားပေးရပါမယ်။ ဒီပုံစံအတိုင်း တစ်ကိုယ်လုံးဆန့််ထုတ်ပြီး စက္ကန့်အနည်းငယ်လောက်နေကာ ခြေထောက်ပြန်ချနိုင်ပါတယ်။

၃။ Four-Limbed Staff Pose


ကြမ်းပြင်ပေါ် မှောက်လျက်အနေအထားနဲ့ ပုံထဲကလို ခြေဖျားထောက်ပေးထားပါ။ လက်နှစ်ဖက်ကိုပါအားပြုပြီး ဒိုက်ထိုးသလို ထောက်ထားပေးရပါမယ်။ လက်နှစ်ဖက်လုံးကို ခန္ဓာကိုယ်နဲ့ကပ်ထားပါနော်။ ဒီအတိုင်း ခြေဖျားနဲ့လက်တွေကို အားပြုထောက်ထားပြီး ဗိုက်ကြွက်သားတွေကို တင်းထားလိုက်ပါ။ ရသလောက်တောင့်ထားပြီး ဖြေးဖြေးချင်း အောက်ပြန်လှဲနိုင်ပါတယ်။

၄။ Boat Pose


ခြေထောက်နှစ်ဖက်စုကာ ဗိုက်ကြွက်သားတွေအားပြုပြီး လေပေါ်မြှောက်လိုက်ပါ။ လက်တွေကိုပါ ရှေ့ဆန့်ထုတ်ပေးရပါမယ်။ ခါးမကုန်းစေဘဲ ခြေထောက်တွေကို ရသလောက် ခပ်မြင့်မြင့်မြှောက်ကာ စက္ကန့် ၃၀ ခန့် ဟန်ချက်ထိန်းထားပေးမှာပါ။
၅။ Lord Of The Fishes Pose


ဒီ Pose အတွက် ပုံထဲကလိုထိုင်ကာ ဒူးတစ်ဖက်ထောင်ပြီး တစ်ဖက်ခြေထောက်ဘေးကို ထောက်ထားပေးပါ။ ဒူးထောင်ထားတဲ့ဆန့်ကျင်ဘက်ကလက်ကို ဒူးပေါ်မှာ တံတောင်ထောက်ကာ ခေါင်းကိုတစ်ဖက်လှည့်ပေးထားရပါမယ်။ ကျန်လက်တစ်ဖက်ကိုတော့ ပုံထဲကလို ထောက်ထားပါနော်။ တစ်ကိုယ်လုံးအကြောတွေပါ ပြေလျော့သွားစေတာမို့ ဘက်ပြောင်းကာ စက္ကန့် ၃၀ စီလုပ်ပေးပါ။

၆။ Half Moon Pose


ပုံထဲကလို ခြေထောက်တစ်ဖက်ကိုသာထောက်ပြီး လက်တွေကိုကားကာ တစ်ဖက်မြှောက်ပြီး တစ်ဖက်ကိုအောက်ချလျက် တစ်စောင်းအနေအထားနေပေးပါ။ ခြေထောက်တစ်ဖက်ကိုတော့ မျဉ်းဖြောင့်ပုံစံမြှောက်ထားပေးရပါမယ်။ တစ်ဖက်ချင်းအတွက် စက္ကန့် ၃၀ စီ ဟန်ချက်ထိန်းကာ ပြုလုပ်ပေးဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar