မင်္ဂလာပါ ပျိုမေတို့ရေ။ ယောဂလေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုပြေလျော့စေပြီး ခန္ဓာကိုယ်ပျော့ပျောင်းကာ ကျစ်လျစ်လာစေရုံမက အချို့သော ယောဂကျင့်စဉ်တွေဟာဆိုရင် ပျိုမေတို့ရဲ့ အသားအရေ သဘာဝအတိုင်း တင်းရင်းနုပျိုစေဖို့အတွက်ပါ သက်ရောက်မှုရှိပါတယ်နော်။ ဒါကြောင့် ဒီတစ်ခေါက်မှာ အသားအရေ နုပျိုကျန်းမာဖို့ အကျိုးပြုပေးနိုင်တဲ့ ယောဂကျင့်စဉ်တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ပုံမှန်လုပ်ပေးမယ်ဆိုရင် ထွေထွေထူးထူး Skincare စရာမလိုဘဲ မျက်နှာကြည်ကြည်လေး ပိုင်ဆိုင်စေမယ့်အပြင် ဝက်ခြံနဲ့ အဆီဖုတွေကိုပါ သက်သာလာစေမှာပါ။

၁။ Bow Pose


ဝမ်းဗိုက်တစ်ဝိုက်ကြွက်သားပြေလျော့စေပြီး ကျောရိုးကနေ မျက်နှာတစ်လျှောက် သွေးလည်ပတ်မှုကောင်းစေတဲ့ ယောဂကျင့်နည်းဖြစ်ပါတယ်။ ပထမဆုံး ခန္ဓာကိုယ်မှောက်ကာ ဗိုက်ကိုကြမ်းပြင်နဲ့ထိထားပါ။ ပြီးနောက် ဒူးကွေးကာ ခြေထောက်တွေကို လက်နှစ်ဖက်နဲ့ နောက်ပြန်ဆွဲပေးရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ ခန့် ခန္ဓာကိုယ်ဟန်ချက်ထိန်းကာဆွဲထားပြီး ပြန်လည်ဖြေလျော့ပေးလိုက်ပါ။

၂။ Seated Forward Bend

Photo Source: Z Living

ပုံပါအတိုင်း သင့်ခေါင်းနဲ့ ဒူးထိလောက်တဲ့အထိ ခန္ဓာကိုယ်အပေါ်ပိုင်းကို တတ်နိုင်သလောက် ကုန်းပေးရတဲ့ အကြောလျှော့လေ့ကျင့်ခန်းက နောက်ကျောတစ်လျှောက်အကြောပြေလျော့စေရုံမက အစာခြေစနစ်ကိုပါ ကောင်းမွန်စေတာကြောင့် မျက်နှာပေါ်က အပူဖုနဲ့ ဝက်ခြံ စတဲ့အရေပြားပြဿနာတွေ မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေပါလိမ့်မယ်။

၃။ Downward Facing Pose


တစ်ကိုယ်လုံးကအကြောတွေ ပြေလျော့စေပြီး သင့်မျက်နှာနဲ့ ဦးနှောက်အတွင်း သွေးလည်ပတ်မှုကောင်းစေတဲ့ ဒီယောဂကျင့်စဉ်ကိုတော့ ပုံပါအတိုင်း ခန္ဓာကိုယ်ကို V ဇောက်ထုံးပုံစံ ကုန်းကာ ကြမ်းပြင်မှာလက်ထောက်ထားပြီး ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီပုံစံအတိုင်း တစ်မိနစ်ခန့် ထောက်ထားပေးပါ။

၄။ Fish Pose


လုပ်ရလွယ်တဲ့ Yoga Pose တစ်ခုဖြစ်ပြီး ပုံပါအတိုင်း ခေါင်းကိုကြမ်းပြင်နဲ့ထိထားပြီး လက်နဲ့ခြေထောက်တွေကို ကော့ကာ အပေါ်မြှောက်ထားပေးရမှာဖြစ်ပါတယ်။ စက္ကန့်အနည်းငယ်ကြာ ကိုယ်တောင့်ခံနိုင်သလောက် မြှောက်ထားပြီးနောက် အောက်ပြန်ချနိုင်ပါတယ်။

၅။ The Lion Face

Photo Source: Femina.in

မနက်ပိုင်းအိပ်ရာထချိန်ပြုလုပ်ပေးသင့်တဲ့ ယောဂလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး မျက်နှာကြွက်သားတွေပြေလျော့စေကာ Collagen ထုတ်လုပ်မှုမြှင့်ပေးနိုင်တာကြောင့် မျက်နှာအသားအရေကို သဘာ၀ Glow လေးရစေပါတယ်။ အသက်ပြင်းပြင်း ရှူသွင်းပြီး ပါးစပ်ကျယ်ကျယ်ဟကာ လျှာအသွင်းအထုတ်လုပ်ပေးရမှာပါ။ ပါးစပ်ကတစ်ဆင့် ရှူထုတ်ပေးပြီး ဒီပုံစံအတိုင်း ဆယ်စက္ကန့်လောက်ပြုလုပ်ပေးပါ။

၆။ Shoulder Stand


Shoulder Stand Pose ကိုတော့ ပုံပါအတိုင်း ဟန်ချက်ညီအောင် လက်နဲ့နောက်ကျောကို ထိန်းထားပေးပြီး ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကို ၉၀ ဒီဂရီမတ်ကာ အပေါ်မြှောက်ထားပေးရမှာဖြစ်ပါတယ်။ ဒါက ခန္ဓာကိုယ်အပေါ်ပိုင်း မျက်နှာနဲ့ ဦးနှောက်အထိ သွေးစီးဆင်းလည်ပတ်မှုကောင်းစေတာကြောင့် မျက်နှာအသားအရေကြည်လင်စေကာ အရေးအကြောင်းတွေပါ သက်သာလာစေဖို့ကူညီပေးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar