အားလုံးပဲ မင်္ဂလာပါနော်။ Gym မှာ စရင်းသွင်းပြီး Workout စလုပ်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေရှိလား။ ပထမဆုံး Gym ဆော့တဲ့သူအများစုက အစပိုင်းမှာတော့ တက်ကြွနေတတ်ပေမယ့် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားရဖို့ ဘယ်လောက်ကြာမလည်း ခန့်မှန်းဖို့ခက်တာကြောင့် အချိန်ကြာကြာ ဆက်မလုပ်နိုင်ဘဲ လက်လျှော့လိုက်ကြတာများပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုမဖြစ်ရအောင် ပထမဆုံးအကြိမ် Gym စသွားကတည်းက သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

လက်တွေ့ကျတဲ့ Goal တွေ သတ်မှတ်ထားပါ

ကိုယ်က Goal တစ်ခုသတ်မှတ်ပြီး Gym သွားမယ်ဆိုရင် အရင်ဆုံး လက်တွေ့ကျပြီး တကယ်လုပ်နိုင်တာမျိုးဖြစ်ဖို့ လိုပါတယ်နော်။ တစ်လ၊ နှစ်လနဲ့ လုံးဝပြောင်းလဲသွားရမယ်ဆိုတာမျိုးထက် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းအတွက် Goal အသေးလေးတွေထားပြီး တစ်ခုချင်းရအောင်လုပ်တာမျိုး ကြိုးစားကြည့်ပါ။ ဒါက သင့်ကို အချိန်ကြာကြာ စိတ်အားထက်သန်နေစေပါလိမ့်မယ်။

ဖြေးဖြေးချင်း အရင်စပါ

တစ်ရက်တည်းနဲ့ အလွန်အကျွံလေ့ကျင့်တာမျိုး မလုပ်မိအောင် သတိထားပေးပါ။ အခုမှစလုပ်မယ့်သူတွေဆိုရင် ခန္ဓာကိုယ်က ပုံမှန်လေ့ကျင့်ခန်းတွေနဲ့ အသားမကျသေးတာမို့ လုပ်ပြီးနောက်တစ်နေ့မှာ ကြွက်သားနာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်လွယ်ပါတယ်။ အချိန် ၂ နာရီထက်မပိုဘဲ ကိုယ့်ခန္ဓာကိုယ် ခံနိုင်ရည်ရှိသလောက် အနေအထားကိုသာ ဖြေးဖြေးချင်း လေ့ကျင့်ပေးသင့်ပါတယ်။

သွေးပူလေ့ကျင့်ခန်းနဲ့ Cool Down ပုံမှန်လုပ်ဖို့ မမေ့ပါနဲ့

လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးအချိန်တွေမှာ သွေးပူလေ့ကျင့်ခန်းနဲ့ Cool Down အကြောလျှော့ လေ့ကျင့်ခန်းတွေ ထည့်လုပ်ပေးဖို့ လိုပါတယ်နော်။ သွေးပူလေ့ကျင့်ခန်းမလုပ်တဲ့အခါ ကြွက်သားတွေတင်းပြီး ဒဏ်ဖြစ်စေတဲ့အပြင် အကြောပြန်မလျှော့ပေးတဲ့အခါမှာလည်း ကြွက်သားနာကျင်တာတွေ တော်ရုံနဲ့ မပျောက်တာမျိုး ဖြစ်တတ်ပါတယ်။

ရေလုံလောက်အောင်သောက်ပါ

လေ့ကျင့်ခန်းကြောင့် ချွေးထွက်များတဲ့အခါ ရေဓာတ်ဆုံးရှုံးစေတာမို့ ရေများများသောက်ဖို့လည်း မမေ့ပါနဲ့နော်။ Gym သွားဖြစ်တဲ့နေ့တွေမှာ တစ်နေ့ကို အနည်းဆုံး ရေနှစ်လီတာလောက် သောက်ပေးပါ။

ကိုယ်နေဟန်ထားကို အာရုံစိုက်ပါ

လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်နေဟန်ထားမှန်ဖို့လည်း အရေးကြီးပါတယ်။ ခန္ဓာကိုယ်က အနေအထားမမှန်တဲ့အခါ အချိန်ကြာကြာလုပ်လည်း မထိရောက်တာမျိုး ဖြစ်တတ်ပါတယ်။ ပထမဆုံး Gym သွားမယ့်သူတွေအနေနဲ့ ကိုယ့်ရဲ့အနေအထားမှန်မမှန် Gym Trainer နဲ့ ဆွေးနွေးပြီးမှ လုပ်ပေးပါ။

တစ်မျိုးပြီးတစ်မျိုး ပြောင်းလုပ်ပေးပါ

Gym ရောက်တိုင်း ပုံစံတူလေ့ကျင့်ခန်းတွေပဲလုပ်နေရင် တဖြည်းဖြည်းနဲ့ ရိုးပြီး ပျင်းလာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် တစ်ရက်နဲ့ တစ်ရက်မတူတဲ့ Workout ပုံစံတွေ ပြောင်းလုပ်တာမျိုး ကြိုးစားကြည့်ပါနော်။

Photo Source: Pinterest

By MyStyle Myanmar