ဝိတ်ချရာမှာ အစားလျော့တာနဲ့ ပုံမှန်လေ့ကျင့်ခန်းတွေအပြင် တော်ရုံနဲ့ဝိတ်မတက်ဘဲ ကြွက်သားတည်ဆောက်မှုကောင်းပြီး ကိုယ်ခန္ဓာကျစ်လျစ်တင်းရင်းနေဖို့ အနည်းငယ်ပြင်းထန်တဲ့ Weight Training လေ့ကျင့်ခန်းတွေကိုပါ ပြုလုပ်ပေးဖို့လိုပါတယ်။

Weight Training လေ့ကျင့်ခန်းက အပြေးလေ့ကျင့်ခန်းတွေ၊ ခုန်ပေါက်ရတဲ့လေ့ကျင့်ခန်းတွေထက် ကိုယ်တွင်းအဆီကို ထိထိရောက်ရောက် ပိုလောင်ကျွမ်းစေတာကြောင့် သင့်ကိုအမြန်ဆုံးဝိတ်ကျပြီး ကိုယ်ခန္ဓာအချိုးအဆစ်ပိုလှလာစေပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ Weight Training လေ့ကျင့်ခန်း စလုပ်ဖို့စဉ်းစားနေသူတွေ သိထားသင့်တဲ့အချက်တွေအကြောင်းကိုမျှဝေပေးချင်ပါတယ်။

၁။ အားပိုရှိပြီး သန်မာလာဖို့အာရုံစိုက်ပါ

Weight Training လုပ်တဲ့အခါ ပိန်ဖို့ဆိုတာထက် ခန္ဓာကိုယ်အားပိုသန်ပြီး ကြွက်သားကြံ့ခိုင်လာဖို့ကို အာရုံစိုက်ထားပြီး ပြုလုပ်ပေးဖို့လိုပါတယ်။ ဒီလိုအာရုံစိုက်ပြီးပြုလုပ်ပေးတာက Resistance Training လိုပြင်းထန်တဲ့ Muscle လေ့ကျင့်ခန်းတွေပြုလုပ်ရတဲ့အခါ အားမလျော့စေဖို့တွန်းအားဖြစ်စေပါလိမ့်မယ်။

၂။ ကိုယ်ပိုင် Workout Plan ဆွဲပြီးပြုလုပ်ပေးပါ

လူတစ်ယောက်နဲ့တစ်ယောက်က ဟော်မုန်းပြောင်းလဲပုံတွေ အမောခံနိုင်စွမ်းတွေမတူညီတာကြောင့် ပင်ပန်းတဲ့လေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာ ကိုယ့်အတွက်အဆင်ပြေမယ့် Workout လုပ်ချိန်နဲ့ ပြုလုပ်နည်းတွေကို အစီအစဉ်ချပြီးကြိုသတ်မှတ်ထားတာမျိုုးပြုလုပ်ပေးသင့်ပါတယ်။

၃။ ရာသီလာတတ်တဲ့အချိန်ပေါ်မူတည်ပြီး လေ့ကျင့်ခန်းလုပ်မယ့်ပုံစံကို သတ်မှတ်ပေးဖို့လိုပါတယ်

ပျိုမေတို့အနေနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလည်းမထိခိုက်ဘဲ ထိထိရောက်ရောက် လေ့ကျင့်ခန်းလုပ်နိုင်ဖို့ လစဉ် Period လာတတ်တဲ့အချိန်တွေကို ခန့်မှန်းပြီး လေ့ကျင့်ခန်းပုံစံ ပြောင်းလဲပြုလုပ်ပေးလည်းမမေ့သင့်ပါဘူး။ ဥပမာအနေနဲ့ ရာသီလာပြီးချိန်တွေမှာ လေ့ကျင့်ခန်းကိုအရှိန်မြင့်ကာ အချိန်ပိုပေးသင့်ပြီး ရာသီလာနေချိန်နဲ့ မလာခင်ရက်ပိုင်းပဲလိုတဲ့အချိန်တွေမှာ ပြင်းထန်တဲ့ Weight Training တွေထက် ယောဂနဲ့ အကြောလျော့လေ့ကျင့်ခန်းတွေလောက်သာ ပြုလုပ်ပေးသင့်ပါတယ်။

၄။ Weight Training လုပ်ရာမှာ လေ့ကျင့်မှုကလည်းအရေးပါပါတယ်

Weight Training လေ့ကျင့်ခန်းတွေက ခံနိုင်ရည်မရှိသေးတဲ့ စလုပ်မယ့်သူတွေအတွက်ပြုလုပ်ရအနည်းငယ် ခက်ခဲနိုင်တာကြောင့် ကိုယ်လိုချင်တဲ့အထိရအောင် ဖြေးဖြေးချင်း အချိန်ပေးလေ့ကျင့်သွားဖို့လိုတာကို သတိထားပေးရပါမယ်။ ဥပမာ ဒိုက်ထိုးတာ၊ အိပ်ထမတင်ပြုလုပ်တာနဲ့ အလေးတုံး မ ရတဲ့လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ တစ်ဆင့်ချင်းလေ့ကျင့်ပြီး ပြုလုပ်ပေးဖို့အကြံပြုချင်ပါတယ်။

၅။ အမျိုးသမီးတွေက ခဏအတွင်း ကြွက်သားထွက်လာတာမျိုးမဖြစ်နိုင်ပါဘူး

အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ကြွက်သားကြီးထွားပုံ ဟော်မုန်းတွေမတူညီကြတဲ့အတွက် အမျိုးသားတွေလို ကြွက်သားလေ့ကျင့်ခန်းတွေ ခဏတာပြုလုပ်ရုံနဲ့ ကြွက်သားတွေထင်းထွက်လာတာမျိုး မဖြစ်နိုင်တာကိုလည်းသိထားဖို့လိုပါတယ်။

၆။ Weight Training ကပင်ပန်းပေမယ့် လက်မလျော့ဘဲဆက်လုပ်ပေးဖို့လိုပါတယ်

ပြင်းထန်တဲ့ Weight Training လေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ်တွင်းအဆီချဖို့စဉ်းစားထားတယ်ဆိုရင် ထိထိရောက်ရောက်အဆီကျဖို့ အားမလျော့ဘဲပုံမှန်လုပ်နိုင်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ဒါမှဝိတ်ကျရုံတင်မကဘဲ ဝိတ်တက်ဖို့မလွယ်တဲ့ ကျစ်ကျစ်လျစ်လျစ်ခန္ဓာကိုယ်လေးကို အမြဲပိုင်ဆိုင်နိုင်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar