လူတော်တော်များများ အချိန်ဆွဲဖူးကြမှာပါ။ အချိန်ဆွဲတယ်ဆိုတာ လုပ်စရာရှိတာကို စိတ်နဲ့ပဲလုပ်ပြီး လက်တွေ့ထလုပ်ဖို့ကို နေ့ရွှေ့ရက်ရွှေ့လုပ်တတ်တဲ့ အကျင့်ဆိုးတစ်မျိုးပဲဖြစ်ပါတယ်။ အလုပ်တစ်ခုကို ပြီးတဲ့အထိ မလုပ်ဘဲ လမ်းကြောင်းလွဲပြီး အချိန်ဆွဲတတ်တာက ဘဝတိုးတက်မှုကို နှောင့်နှေးစေသလို ယောင်လည်လည်နဲ့ အချိန်သာကုန်ပြီး အကျိုးမရှိဖြစ်စေမှာပါ။

ဒီလိုအကျင့်ကို ပြုပြင်နိုင်ဖို့ ဒီတစ်ခေါက်မှာ ကိုယ့်ကိုယ်ကိုယ်အချိန်ဆွဲနေမိပြီလို့ ခံစားရတာနဲ့ ချက်ချင်းထလုပ်ပေးရမယ့်အရာတွေ အကြောင်းကို မျှဝေပေးလိုက်ရပါတယ်။

၁။ အချိန်ဆွဲရတဲ့အကြောင်းအရင်းကို ပြန်တွေးကြည့်ပါ

သင့်အနေနဲ့ အချိန်ဆွဲနေမိပြီလို့ ခံစားရတဲ့အခါ ဒီအလုပ်ကိုစလုပ်ဖို့ ဘယ်အရာတွေက တားဆီးနေသလဲဆိုတဲ့ အကြောင်းအရင်းကို ပြန်တွေးကြည့်ဖို့လိုပါတယ်။ ဥပမာ အလုပ်လုပ်ဖို့ပျင်းပြီး Social Media မှာပဲ အချိန်ကုန်နေမိလို့လား၊ ဒါမှမဟုတ် ဆက်လုပ်ဖို့ အကြံဉာဏ်တွေမထွက်လာတာကြောင့်လား စတဲ့ အချိန်ဆွဲခြင်းဖြစ်စေမယ့်အရာတွေ အကြောင်းကို အရင်ဆုံး ပြန်တွေးကြည့်ပါ။ ဒီလိုရှင်းရှင်းလင်းလင်း တွေးကြည့်လိုက်တာက သင့်ရဲ့အချိန်ဆွဲတတ်တဲ့ပြဿနာကို ဖယ်ရှားဖို့ ပိုလွယ်သွားပါလိမ့်မယ်။

၂။ ၅ မိနစ်လောက် အရင်စလုပ်ကြည့်ပါ

Photo Source: istockphoto.com

ကိုယ်လုပ်ချင်တဲ့အချိန်ရယ်လို့ ရွေးနေတာထက် ၅ မိနစ်လောက်အရင်လုပ်ကြည့်မယ်လို့ သတ်မှတ်လိုက်ပါ။ ဒါက အလုပ် စလုပ်မိအောင် သင့်စိတ်ကို လှည့်စားလိုက်သလို ဖြစ်စေတာကြောင့် ဘာမှမလုပ်မိတာထက်စာရင် အလုပ်ပြီးဖို့ ပိုနီးစပ်စေပါတယ်။

၃။ အလုပ်ပြီးရမယ့်အချိန်ကို သတ်မှတ်ထားပါ

ဘယ်အချိန်ပြီးမယ်မှန်းမသိဘဲ အလုပ်လုပ်ရတာက သင့်အတွက် Motivation မရှိတော့ဘဲ တဖြည်းဖြည်းပျင်းပြီး အာရုံလွှင့်သွားတတ်ပါတယ်။ ဒီလိုမဖြစ်အောင် အလုပ်ပြီးသင့်တဲ့အချိန်ကို ခန့်မှန်း သတ်မှတ်ထားပြီး အဲ့ဒီအချိန်အတွင်း ပြီးအောင်လုပ်ပေးပါ။ ဒါက သင့်ကို အချိန်မဆွဲမိအောင် ထိန်းလိုက်သလို ဖြစ်စေပြီး အလုပ်လည်း အမြန်ပြီးစေမှာပါ။

၄။ ကိုယ့်ပတ်ဝန်းကျင်အခြေအနေကို ပြောင်းလဲလိုက်ပါ

အချိန်ဆွဲနေမိတဲ့ Comfort Zone ထဲရောက်နေတဲ့အခါ ဦးနှောက်က အလုပ်ဆီကို အာရုံပြန်ရောက်ဖို့ ခက်ခဲပါတယ်။ ဒီလိုအချိန်မှာ စိတ်ပြန်လန်းဆန်းပြီး အလုပ်စလုပ်နိုင်အောင် လမ်းထလျှောက်လိုက်တာ၊ ရေချိုးလိုက်တာ၊ ကိုယ့်အလုပ်စားပွဲကို နေရာရွေ့တာစတဲ့ အပြောင်းအလဲလေးတွေ လုပ်ကြည့်လိုက်ဖို့လိုပါတယ်။

၅။ လုပ်စရာတွေပြီးသွားတဲ့အချိန်ကို ကြိုတွေးကြည့်ပါ

ဒီအလုပ်ကိုပြီးအောင်လုပ်လိုက်ရင် ကိုယ့်အတွက်ဘယ်လောက်ထိ အကျိုးရှိနိုင်မလဲဆိုတာကို ကြိုတွေးထားတာက သင့်ကို အချိန်မဆွဲဘဲ အလုပ်စလုပ်ဖို့ စိတ်ခွန်အားရစေမှာပါ။ အလုပ်ပြီးရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဆုချမယ်၊ နားချိန်ဘယ်လောက်ပေးမယ် စတာတွေကို တွေးကြည့်တာမျိုးကလည်း အချိန်ဆွဲတဲ့အကျင့်ကို အာရုံလွှဲနိုင်ဖို့ ကူညီပေးမှာပါ။

၆။ အရေးအကြီးဆုံးအလုပ်တစ်ခုကို အာရုံစိုက်ထားပါ

လုပ်စရာအရမ်းများတာမို့ ပြီးအောင်လုပ်ဖို့ခက်တယ်လို့ တွေးမိနေရင် သင့်စိတ်က အလိုလို စလုပ်ဖို့ပျင်းပြီး အချိန်ဆွဲမိတတ်ပါတယ်။ ဒါကြောင့် အလုပ်တွေပုံနေလို့ တွေးပူနေမယ့်အစား ကိုယ့်အတွက် အရေးအကြီးဆုံးတစ်ခုကို သေချာအာရုံစိုက်ပြီး တစ်ဆင့်ချင်းလုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar