မင်္ဂလာပါ ပျိုမေတို့ရေ။ ထွေထွေထူးထူးထိန်းသိမ်းဖို့မလိုဘဲ တောက်ပသန်စွမ်းတဲ့ ဆံသားတွေကို ပျိုမေတိုင်းလိုချင်ကြမယ် ထင်ပါတယ်နော်။ အချို့ဆံသားပြုပြင်နည်းတွေက ခဏတာပဲထိရောက်ပြီး ရေရှည်အတွက် ဆံပင်ထွက်နှုန်းကို မပြောင်းလဲပေးနိုင်တာကြောင့် ဒီတစ်ခေါက်မှာ ရေရှည်ထိရောက်ဖို့ အကုန်အကျ သက်သာပြီး အလွယ်တကူပဲပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဖော်ပြထားတဲ့နည်းတွေအတိုင်း ကိုယ့်ရဲ့ Lifestyle ကိုပါ ရေရှည်ပြောင်းလဲပြီး ထိန်းသိမ်းပေးလိုက်ရုံနဲ့ အုံထူထူဆံနွယ်လေးတွေ အမြဲပိုင်ဆိုင်ဖို့ ကူညီပေးနိုင်တာမို့ ပြုလုပ်ပေးသင့်တဲ့ သဘာဝနည်းတွေကို ကြည့်လိုက်ရအောင်။

၁။ ပရိုတင်းဓာတ်မျှတဖို့ လိုပါတယ်


လေ့လာမှုတွေအရ အသားဓာတ်ပရိုတင်း မျှတအောင်မစားသုံးတဲ့အခါ ခန္ဓာကိုယ်တွင်း Zinc ဓာတ်ချို့တဲ့ပြီး ဆံသားဆုံးရှုံးမှုဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်ဆံသားကျန်းမာရေးအတွက် အသားဓာတ် ပရိုတင်းမျှတအောင်စားသုံးပေးသင့်ပြီး အသားသိပ်မစားတဲ့သူတွေအနေနဲ့ကတော့ Zinc ဓာတ်များတဲ့ အသီးအရွက်တွေကို ရွေးချယ်စားပေးသင့်ပါတယ်။

၂။ Sulfate မပါတဲ့ ခေါင်းလျှော်ရည်အပျော့တွေသုံးပေးပါ


ခေါင်းလျှော်ရည်တွေမှာပါဝင်တတ်ပြီး Sulfate လို့ခေါ်တဲ့အမြုပ်ထစေတဲ့ ချေးချွတ်ဓာတုပစ္စည်းအာနိသင်က ဆံသားရဲ့သဘာဝအဆီတွေကို ဆုံးရှုံးစေရုံမက ကြမ်းတမ်းခြောက်သွေ့ပြီး တဖြည်းဖြည်းနဲ့ ဆံပင်ပါးလာစေပါတယ်။ သဘာဝအတိုင်းဆံပင်သန်ချင်သူတွေအနေနဲ့ သုံးနေကျ ခေါင်းလျှော်ရည်ရဲ့ ပါဝင်ပစ္စည်းတွေကိုစစ်ဆေးပြီး Chemical နည်းတဲ့ သဘာဝခေါင်းလျှော်ရည်အပျော့တွေ ပြောင်းသုံးပေးဖို့လိုပါတယ်။

၃။ အပူချောင်း (သို့) Dryer နဲ့ ဆံသားပုံသွင်းတဲ့အကြိမ်ရေကိုလျော့ချပါ


ဆံပင်ပါးပြီး အကျွတ်များလာစေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုက ဆံသားကိုအပူနဲ့ ခဏခဏထိတွေ့မိခြင်းပါပဲ။ အထူးသဖြင့် နွေရာသီလိုပူတဲ့အချိန်တွေမှာ သင့်ဆံသားကို နေနဲ့တိုက်ရိုက်ထိတွေ့တာ၊ အပူခံပုံသွင်းတာတွေကို တတ်နိုင်သလောက်ရှောင်ပေးသင့်ပါတယ်။

၄။ ဦးရေပြားကို ပုံမှန်ဂရုစိုက်ပေးပါ

ဦးရေပြားကို သေချာဂရုမစိုက်တဲ့အခါ ခေါင်းအဆီပြန်ပြီး ဗောက်ထတာ၊ ခြောက်သွေ့ပြီး ဆံကြောင်းကျဲလာတာ စတဲ့ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဆံသားသန်စွမ်းစေဖို့ ဦးရေပြားသန့်စင်ပြီး သွေးလည်ပတ်မှုကောင်းအောင် တစ်ခါတစ်ရံ ဦးရေပြားကို ပေါင်းတင်တာ၊ Scrub တိုက်တာတွေ ပြုလုပ်ပေးပါ။

၅။ Dry Shampoo အလွန်အကျွံမသုံးမိဖို့လိုပါတယ်


ခေါင်းလျှော်ဖို့အချိန်မရတဲ့အခါ Dry Shampoo အလွယ်သုံးလိုက်တာက ရံဖန်ရံခါအတွက်အဆင်ပြေပေမယ့် ခဏခဏ သုံးတာများရင်တော့ သူ့မှာပါတဲ့ Chemical ဓာတ်တွေကြောင့် ဆံသားပျက်စီးလွယ်ပြီး မွှေးညှင်းပေါက်ပိတ်တာ၊ ဆံပင်ကျွတ်တာတွေဖြစ်လာတတ်တာကို သတိပြုပေးရပါမယ်။

၆။ Vitamin C ဓာတ်ပါဝင်အောင် စားသုံးဖို့မမေ့ပါနဲ့


Vitamin C ဓာတ်က ဆံပင်အရှည်မြန်ပြီး သန်စွမ်းစေဖို့ ထောက်ပံ့ပေးနိုင်တဲ့အပြင် Collagen ထုတ်လုပ်မှု မြှင့်ပေးနိုင်တာကြောင့် အရွယ်မတိုင်ခင် ဆံပင်ဖြူပြီးအရောင်လွင့်လာတာမျိုး မဖြစ်စေဖို့ပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆံသားကျန်းမာရေးအတွက် Vitamin C ပါဝင်မှုများတဲ့ ဥပမာ Broccoli ၊ စတော်ဘယ်ရီ၊ ကိုက်လန်စတဲ့ အစားအစာတွေ စားသုံးပေးဖို့လည်းမမေ့သင့်ပါဘူး။

Source: brightside.me