မင်္ဂလာပါနော်။ များသောအားဖြင့် အသက်ရလာတဲ့အမျိုးသမီးတွေမှာ ဆံသားအဆီအနှစ်တွေ လျော့ကျလာတတ်တာမို့ ဆံပင်အရောင်မွဲပြီး ကျွတ်ထွက်တာတွေ အဖြစ်များပါတယ်။ ဒါပေမယ့် သင်က ဆယ်ကျော်သက်အရွယ်လေးနဲ့ ဆံပင်ကျွတ်တတ်နေပြီဆိုရင်တော့ ပိုမဆိုးခင်မှာ သေချာပြန်ထိန်းသိမ်းဖို့ လိုလာပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ကျွတ်တာက ဆံသားကို Chemical များတဲ့ ဆိုးဆေး၊ စက်အပူတွေနဲ့ ထိတာ၊ Stress များတာ၊ ဟော်မုန်းမညီတာ စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆယ်ကျော်သက်အရွယ် ဆံပင်ကျွတ်ပြဿနာကို သက်သာစေမယ့် ထိန်းသိမ်းနည်းအချို့ကို မျှဝေပေးသွားမှာပါ။

အပူနဲ့မထိအောင် ကာကွယ်ပါ


နေရောင်ခြည် ဒါမှမဟုတ် ဆံပင်ပုံသွင်းစက်အပူတွေနဲ့ ထိတွေ့မှုများရင် ဆံပင်က ကြမ်းခြောက်ပြီး ကျွတ်ထွက်ဖိ့ုလွယ်ပါတယ်။ နေပူထဲထွက်တဲ့အခါ ဆောင်းစရာတစ်ခုခု မဖြစ်မနေယူသွားပေးပါ။ ဆံပင်ပုံသွင်းတာကိုလျှော့ပြီး အရေးတကြီးလိုအပ်မှ အပူခံဆေးဖြန်းပြီး သုံးတာမျိုး လုပ်သင့်ပါတယ်။

စားသောက်မှုပုံစံကို ပြောင်းလဲကြည့်ပါ


စားသမျှအရာတွေက ဆံပင်အပေါ်မှာလည်း သက်ရောက်မှုရှိတာမို့ ဆံသားကိုအားဖြည့်ပေးမယ့် အစားအသောက်တွေ ရွေးစားဖို့ မမေ့ပါနဲ့နော်။ သံဓာတ်နဲ့ ပရိုတင်းဓာတ်များတာတွေ စားပေးပါ။ ဦးရေပြားအစိုဓာတ်အတွက် ရေများများသောက်ဖို့လည်း လိုပါတယ်။

Stress နည်းအောင်နေပါ


Stress များတာက ခန္ဓာကိုယ်တစ်ခုလုံးထိခိုက်စေတာကို ပျိုမေတို့သိကြမှာပါ။ Stress ကြောင့် အိပ်မရတာ၊ အစားမမှန်တာတွေဖြစ်လာတဲ့အခါ ဆံသားကပါ အရောင်မွဲပြီး ပိုကျွတ်လာတတ်ပါတယ်။ Stress မများအောင်ဂရုစိုက်ပြီး ဦးရေပြားတွင်းသွေးလည်ပတ်မှုကောင်းဖို့ ဆီလိမ်းကာ ခေါင်းကိုနှိပ်နယ်ပေးတာမျိုး မကြာခဏလုပ်သင့်ပါတယ်။

ဆံသားနဲ့အဆင်ပြေတဲ့ Hair Care ပစ္စည်းတွေရွေးချယ်ပါ


Shampoo နဲ့ Conditioner သုံးတဲ့အခါ ကိုယ့်ဆံသားအမျိုးအစားနဲ့ အဆင်ပြေတာမျိုး ဖြစ်ဖို့လိုပါတယ်။ ဆံပင်အနံ့မွှေးအောင် ခေါင်းလျှော်တာထက် ဦးရေပြားတွင်းက ဖုန်နဲ့ အညစ်အကြေးအားလုံးပြောင်အောင် သန့်စင်ဖို့အရေးကြီးပါတယ်။ ဆံပင်မကျွတ်အောင် အသွားကျဲတဲ့ဘီးနဲ့ဖြီးတာ ခေါင်းလျှော်ပြီးချိန် ဆံပင်ကို ခပ်ဖွဖွသုတ်ပေးတာမျိုး လုပ်ပေးပါ။

ဗောက်ပြဿနာကို ဂရုစိုက်ပါ


ဗောက်ကြောင့် ခေါင်းကုတ်တာများတဲ့အခါ မွှေးညှင်းပေါက်တွေအားနည်းပြီး ပုံမှန်ထက် ဆံပင်ပိုကျွတ်တတ်သလို ဗောက်ထတိုင်း ခေါင်းခဏခဏလျှော်တာကလည်း ဆံသားကိုပိုခြောက်သွေ့စေမှာပါ။ ဒီ့အတွက် ဗောက်ပျောက်ခေါင်းလျှော်ရည်သုံးတာ (သို့) သဘာဝနည်းတွေနဲ့ ရှင်းတာမျိုး လုပ်သင့်ပါတယ်။

ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြပါ


ကိုယ်တိုင်လုပ်နိုင်တဲ့နည်းတွေနဲ့မှ မသက်သာဘူးဆိုရင် နားလည်ကျွမ်းကျင်တဲ့သူတွေနဲ့တိုင်ပင်ပြီး ကုသမှု Treatment တစ်ခုလုပ်ကြည့်ပါနော်။ ဒီလိုလုပ်တာက ဆံပင်ကျွတ်ရတဲ့အကြောင်းအရင်းကိုပါ ပိုသိလာမှာပါ။

Photo Source: Pinterest

By MyStyle Myanmar