ဆံပင်ဆေးဆိုးတဲ့အခါ ကိုယ်လိုချင်တဲ့ကာလာရဖို့ ချွတ်ဆေးအသုံးပြုပြီး ဆံသားအရောင်ချွတ်ရလေ့ရှိပါတယ်။ ဒီလိုအရောင်ချွတ် Bleaching လုပ်တာက ဆံသားအရင်းတွေကို အားနည်းသွားစေတာကြောင့် ဆံပင်ပျက်စီးလွယ်စေပြီး အဖျားနှစ်ခွဖြစ်ခြင်းနဲ့ ကြမ်းတမ်းခြောက်သွေ့ခြင်းတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်ဆောင်းပါးမှာ Bleach လုပ်ပြီးချိန်ဖြစ်လာတတ်တဲ့ ဆံသားပျက်စီးမှုတွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ ဂရုတစိုက်ပြုလုပ်ပေးရမယ့်အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Conditioner ပုံမှန်သုံးပေးပါ

Bleach လုပ်ခြင်းက ဆံသားရဲ့ဘဘာဝအဆီတွေခန်းခြောက်စေတာကြောင့် ခြောက်သွေ့လွယ်ပြီး ဆံပင်ဖွာခြင်းနဲ့ညှိထွေးခြင်းတွေဖြစ်လာတတ်ပါတယ်။ ဆံသားညှိခြင်းကိုလျှော့ချပေးပြီး ပျော့ပြောင်းစေဖို့ Conditioner ပုံမှန်အသုံးပြုပေးဖို့လိုပါတယ်။ ခေါင်းလျှော်ပြီးနောက် Conditioner ကိုရေစိုနေတဲ့ ဆံသားအန့ှံ (၅) မိနစ်ခန့် နှိပ်နယ်ပြီးလိမ်းပေးပါ။ ပြီးနောက် ရေနဲ့စင်အောင်ဆေးကြောပါ။

၂။ Hair Oils လိမ်းပါ

ချွတ်ဆေးကြောင့် ပျက်စီးနေတဲ့ သင့်ဆံသားကို ပြန်လည်သန်စွမ်းစေပြီး အစိုဓာတ်ပြည့်ဝစေဖို့အတွက် သဘာဝအဆီနဲ့ပြုလုပ်ထားတဲ့ Hair Oil ဒါမှမဟုတ် Serum တစ်မျိုးအသုံးပြုပြီး ဆံပင်အဖျားတွေကို ပုံမှန်လိမ်းပေးဖို့လိုပါတယ်။

၃။ Chemical များတဲ့ခေါင်းလျှော်ရည်တွေကိုရှောင်ပါ

ဆံသားပျက်စီးမှုကိုကာကွယ်ရာမှာ မှန်ကန်တဲ့ခေါင်းလျှော်ရည်အသုံးပြုနိုင်ဖို့လည်းအရေးကြီးပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ဆံသားဗောက်ထခြင်းကို အားပေးတဲ့ Chemical ပါဝင်မှုများတဲ့ခေါင်းလျှော်ရည်တွေကို အတတ်နိုင်ဆုံးရှောင်ပေးပါ။ ခေါင်းလျှော်လိုက်တဲ့အခါ ဆံသားအတွင်းပိုင်းကသဘာဝအဆီဓာတ်တွေ ရောပါသွားနိုင်တာကြောင့် ခေါင်းခဏခဏမလျှော်ဘဲ Dry Shampoo ကိုအသုံးပြုပေးသင့်ပါတယ်။

၄။ ဆံသားအပူပေးပြီးပုံသွင်းခြင်းတွေရှောင်ပါ

Bleach လုပ်ထားတဲ့ ဆံသားကပုံမှန်သဘာဝဆံပင်ထက် ကြမ်းတမ်းပြီး အားနည်းနေတတ်တာကြောင့် အပူလွန်ကဲတဲ့စက်တွေနဲ့ပုံသွင်းလိုက်တဲ့အခါမှာ ခံနိုင်ရည်မရှိဘဲ ဆံပင်ကျွတ်ပြီးပြတ်ထွက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ဆံသားကိုအပူဒဏ်မခံရအောင်သတိပြုပေးပါ။ မဖြစ်မနေ Dryer အသုံးပြုရတဲ့အခါမှာလည်း ထွက်လာတဲ့ လေပူပမာဏကို လျှော့ချပေးဖို့လိုပါတယ်။

၅။ ဆံပင်ပုံမှန်တိပေးပါ

ဆံပင်ညှပ်ခြင်းနဲ့ ဆံပင်အဖျားပုံမှန်တိပေးခြင်းက ဆံသားနှစ်ခွဖြစ်ခြင်းကိုသက်သာစေပြီး ဆံပင်အရှည်မြန်လာစေပါတယ်။ ဒါ့အပြင် ချွတ်ဆေးကြောင့်ပျက်စီးနေတဲ့ဆံသားတွေကိုလည်း ပုံမှန်ဖယ်ရှားပြီးသားဖြစ်စေတာကြောင့် ဆံပင်ကို မကြာခဏတိထားပေးသင့်ပါတယ်။

၆။ ဆံပင်ကိုညင်သာစွာကိုင်တွယ်ပါ

အားနည်းပြီး ပျက်စီးနေတဲ့ဆံသားကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခြင်းကိုလည်း ရှောင်ပေးဖို့လိုပါတယ်။ ကြမ်းတမ်းတဲ့ ခေါင်းဖြီးနည်းအမှားတွေ၊ ဆံသားနဲ့ဦးရေပြားကို ခဏခဏကိုင်တွယ်ခြင်းနဲ့ ကုပ်ဖဲ့ခြင်း စတာတွေက သင့်ဆံသားကိုပိုပျက်စီးစေတာကို သတိပြုဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar