လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားက သွေးထွက်အောင်ကို မှန်လွန်းလှပါတယ်။ ပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ လှပနေတဲ့ပျိုမေလေးတွေကျတော့လည်း ဝိတ်ကျချင်လွန်းလို့ အစားတွေ လျော့စားရ Gym ဆော့ရနဲ့ ဝိတ်ကျအောင် ကြိုးစားနေစဉ်မှာ ဝါးခြမ်းပြားလေးလို ပြားကပ်နေတဲ့ မိန်းကလေးတွေ ကျတော့လည်း ဘယ်လောက်စားစား ဝမလာလို့ စိတ်ညစ်နေကြတာပါ။

ဒီတစ်ခေါက်မှာတော့ ဝိတ်တက်ချင်ပါတယ်ဆိုတဲ့ ပျိုမေလေးတွေအတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။

သဘာဝအဆီဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးပါ

ကာဗိုဟိုက်ဒြိုက်နဲ့ အဆီဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်းက ဝိတ်တက်မြန်စေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ထမင်း၊ အစေ့အဆံများ၊ ဒိန်ချဉ်၊ ချိစ်၊ ထောပတ်သီး၊ ကြက်ဥ၊ ရွှေဖရုံစေ့နဲ့ နေကြာစေ့တို့ကို စားသုံးပေးလိုက်ပါ။

ကယ်လိုရီများတဲ့ အစားအစာလေးတွေ စားသုံးပေးပါ

ကိုယ်အလေးချိန် ကျချင်တဲ့သူတွေကတော့ ကယ်လိုရီနည်းနည်းပဲ စားသုံးသင့်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ဝိတ်တက်ချင်သူတွေကတော့ တစ်နေ့ကို ကယ်လိုရီ ၅၀၀ ခန့် စားသုံးသင့်ပါတယ်။

ပရိုတင်းဓာတ် များများ မှီဝဲပါ

သင့်ရဲ့ ကြွက်သားတွေက ပရိုတင်းဓာတ်တွေနဲ့ အများဆုံးဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ် များများစားသုံးပေးခြင်းက အဆီတွေ တက်လာမယ့်အစား ကြွက်သားတွေ တက်လာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အဆီဓာတ်ကြွယ်ဝသော ငါးများ၊ အနီရောင် အသားများ၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အစေ့အဆံတို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပရိုတင်း ဖြည့်စွက်စာတို့ကိုလည်း မှီဝဲပေးနိုင်ပါတယ်။

အားကစားပြုလုပ်ပါ

ကြွက်သားတွေ ကျစ်လျစ်ပြီး ကိုယ်အလေးချိန်တက်ဖို့အတွက်ဆိုရင် Gym သွားပြီး အလေးမတဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တစ်ပတ်မှာ ၄ ရက်လောက် Gym သွားဆော့ပေးလိုက်ပါ။

အာလူးစားပါ

ဝိတ်တက်ချင်သူတွေအနေနဲ့ အာလူးကို နေ့တိုင်း စားသုံးပေးနိုင်ပါတယ်။ နေ့တိုင်းစားရမှာ ရိုးအီတယ်ဆိုရင်တော့ ၂ ရက်ခြားတစ်ခါ ၃ ရက်ခြားတစ်ခါ စားသုံးပေးနိုင်ပါတယ်။

နွားနို့မှန်မှန်သောက်ပါ

တစ်နေ့ကို နွားနို့တစ်ခွက် (သို့မဟုတ်) နွားနို့ နှစ်ခွက်သောက်သုံးပေးလိုက်ပါ။ ဒါပေမဲ့ နှစ်ခွက်ထက်ပိုပြီး မသောက်သုံးမိပါစေနဲ့။ ဒီနည်းလမ်းကလည်း ဝိတ်တက်ချင်သူတွေအတွက် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

Source: stylecraze.com