မင်္ဂလာပါ ပျိုမေတို့ရေ။ အကြောင်းအမျိုးမျိုးကြောင့် ဆံသားခြောက်သွေ့ကြမ်းတမ်းနေလို့ စိတ်ရှုပ်နေရတဲ့သူတွေရှိလား။ ခြောက်သွေ့လွယ်တဲ့ ဆံသားကိုပြုပြင်ဖို့အတွက် ပုံမှန်အစိုဓာတ်ရအောင်ဖြည့်ပေးဖို့က အရေးအကြီးဆုံးပါပဲ။ ဒီလိုမှမဟုတ်ရင် ခေါင်းလျှော်ထားရင်တောင် ဖွာပြီးကြမ်းနေတဲ့ဆံသားက သင့်ကို ကြည့်ရဆိုးစေမှာပါ။ အသက်အရွယ်ရလာတဲ့သူတွေမှာဆို ဆံသားက အရောင်မွဲပြီး အဆီနဲ့အစိုဓာတ်တွေ တဖြည်းဖြည်းလျော့လာတတ်တာမို့ အစိုဓာတ်ဖြည့်ကို ပိုပြီးလိုအပ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ခြောက်သွေ့တဲ့ဆံသားအတွက် ထိထိရောက်ရောက် အစိုဓာတ်ဖြည့်နိုင်မယ့်နည်းလမ်းတွေကို မျှဝေပေးသွားမှာပါ။
ခေါင်းမလျှော်ခင် ဆီလိမ်းပြီး ပေါင်းတင်ထားပါ
ခေါင်းလျှော်ခါနီး မိနစ်အနည်းငယ်လောက်ကြိုပြီး သဘာဝအဆီတစ်မျိုးကို ဦးရေပြားတွေနှိပ်နယ်ကာ လိမ်းထားတာက ဆံသားအတွင်းပိုင်းတွေထိ အစိုဓာတ်စိမ့်ဝင်စေဖို့ နည်းလမ်းကောင်းပါပဲ။ သံလွင်ဆီ၊ ကြက်ဆူဆီ၊ Vitamin E စတဲ့အဆီတွေကို သုံးနိုင်ပါတယ်နော်။
အစိုဓာတ်ပါဝင်မှုများတဲ့ ခေါင်းလျှော်ရည်ဖြစ်ဖို့လိုပါတယ်
ခေါင်းလျှော်တဲ့အခါ Chemical နည်းပြီး အမှန်တကယ် အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ပစ္စည်းမျိုး ရွေးသုံးဖို့ မမေ့ပါနဲ့နော်။ ဆံသားအစိုဓာတ်အတွက်သီးသန့်ထုတ်ထားတဲ့ Hydrating Shampoo တွေ သုံးပေးပါ။ လိုတာထက်ပိုခေါင်းလျှော်မိရင်လည်း ဆံသားအဆီအနှစ်တွေဖယ်ရှားမိသလိုဖြစ်တတ်တာမို့ တစ်ပတ်ကို နှစ်ကြိမ်လောက်ပဲ လျှော်သင့်ပါတယ်။
ခေါင်းလျှော်ပြီး ပေါင်းဆေးကောင်းကောင်းသုံးပါ
ကိုယ်သုံးတဲ့ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးရွေးချယ်မှုမှန်ဖို့က ဆံသားကြမ်းတမ်းတာသက်သာဖို့ အရေးအကြီးဆုံးအဆင့်တွေပါ။ ပေါင်းဆေးသုံးတဲ့အခါ ဆံသားတွင်းက သဘာဝအဆီနဲ့ အစိုဓာတ်တွေ မလျော့စေတဲ့ပစ္စည်းတွေ ရွေးသုံးပေးပါ။ Sulfates နဲ့ အမြုပ်ထွက်စေတဲ့ ချေးချွတ်အာနိသင်တွေ မပါတာမျိုး ဖြစ်ဖို့လိုပါတယ်။
ရေများများသောက်ဖို့လည်း မမေ့ပါနဲ့
တစ်ရက်ပုံမှန် ရေနှစ်လီတာအနည်းဆုံးသောက်ပေးပါနော်။ ခန္ဓာကိုယ်ရေဓာတ်ပြည့်စေတဲ့အပြင် ဆံသားခြောက်သွေ့ခြင်းကိုပါ သက်သာစေပါလိမ့်မယ်။
အပူနဲ့တိုက်ရိုက်မထိအောင် ကာကွယ်ထားပါ
ဆံသားကို အစိုဓာတ်မဆုံးရှုံးရအောင် အပူဒဏ်ကနေ ကာကွယ်ထားဖို့လည်း မမေ့ပါနဲ့။ ဆံပင်ပုံသွင်းမယ်ဆိုရင် အပူခံ Spray ကိုမဖြစ်မနေ အရင်ဆုံးဖြန်းပေးပါ။ နေပူထဲကို အကာအကွယ်မပါဘဲ ထွက်တာမျိုးလည်း မလုပ်မိဖို့လိုပါတယ်။
ခေါင်းမလျှော်ခင်မှာ Mist၊ ဆီနဲ့ Serum တစ်မျိုးမျိုးလိမ်းပေးပါ
နောက်တစ်ကြိမ် ခေါင်းမလျှော်ခင် ကြားရက်တွေမှာ ဆံသားအတွက် Mist ဖြန်းတာ၊ ဆီ (သို့) Serum လိမ်းပေးတာမျိုး လုပ်ပေးပါနော်။ ဒါကသင့်ဆံသားကို အစိုဓာတ်မလျော့အောင် ကာကွယ်ထားသလို ဖြစ်စေမှာပါ။
Photo Source: Pinterest
By MyStyle Myanmar