မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ထဲမှာ လက်သည်းခွံပါးပြီး ရေနဲ့ထိလိုက်တာနဲ့ ပျော့လွယ်၊ ကျိုးပဲ့လွယ်နေတာကြောင့် အရှည်ထားရခက်နေတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာမှာပါဝင်တဲ့ ထိန်းသိမ်းနည်းတွေကိုပြုလုပ်ပေးဖို့ အကြံပေးချင်ပါတယ်နော်။ လက်သည်းပါးတာက တော်တော်များများ ကြုံရတတ်တဲ့ပြဿနာတစ်ခုဖြစ်ပြီး တောက်ပြောင်လှပတဲ့ လက်သည်းခွံမာလေးတွေရဖို့အတွက် ကိုယ်တိုင်ဂရုတစိုက်ထိန်းသိမ်းပေးဖို့ကလည်း အရေးကြီးပါတယ်။ ဖော်ပြထားတဲ့နည်းလမ်းတွေကနေတစ်ဆင့် ထိန်းသိမ်းနည်းအချို့အပြင် လက်သည်းပျက်စီးအောင် ကိုယ်တိုင်ပြုလုပ်မိတတ်တဲ့ အမှားတွေကိုပါ သိစေနိုင်မှာဖြစ်လို့ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်ပါ။

၁။ လက်သည်းနီခပ်ထူထူတွေ အချိန်ကြာကြာဆိုးထားတာမျိုးရှောင်ပေးပါ


လက်သည်းနီကိုအချိန်အတော်ကြာဆိုးထားတဲ့အခါ သူ့မှာပါဝင်တဲ့ Chemical ဓာတ်တွေက သင့်လက်သည်းထဲစိမ့်ဝင်ပြီး လက်သည်းအရောင်ဝါတာ၊ ခြောက်ကပ်ကြမ်းတမ်းပြီးကွဲအက်လွယ်တာ စတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ရေရှည်လက်သည်းကျန်းမာရေးအတွက် လက်သည်းနီကို တစ်ခါတစ်ရံလိုအပ်တဲ့အချိန်မှသာ ခဏတာဆိုးတာမျိုးပြုလုပ်သင့်ပါတယ်။

၂။ လက်သည်းညှပ်နဲ့တိတာမျိုးထက် လက်သည်းညှိ တံစဉ်းသုံးပြီး ပုံမှန်ညှိပေးသင့်ပါတယ်


လက်သည်းလေးတွေ ညီအောင်ညှိရတဲ့အခါ လက်သည်းညှပ်ကိုသုံးတာက မညီဘဲ လက်သည်းပဲ့တာတွေဖြစ်နိုင်တာကြောင့် လက်သည်းညှိ တံစဉ်းနဲ့  ဖြေးဖြေးချင်းညှိပေးသင့်ပါတယ်။ တံစဉ်းနဲ့ပုံသွင်းတဲ့အခါ လက်သည်းမပွန်းရအောင် အရှေ့အနောက်ပွတ်တာထက် လက်ကြောင်းတစ်ခုထဲကိုသာ ဆွဲပြီးညှိပေးပါ။

၃။ ဆေးကြောသန့်စင်တဲ့အခါ တတ်နိုင်သလောက် ရာဘာလက်အိတ်ဝတ်ထားပေးပါ


ဆပ်ပြာမှာပါတဲ့ချွတ်ဆေးဓာတုပစ္စည်းတွေ၊ ရေတွေနဲ့အထိများပြီး လက်သည်းပျော့ကာအ အားနည်းလာတာမျိုးမဖြစ်စေဖို့ သင့်လက်သည်းတွေကို ကာကွယ်ပေးဖို့လိုပါတယ်။ ဒါကြောင့် လက်အိတ်ဝတ်ပြီး ပန်းကန်ဆေးကြောတာမျိုးပြုလုပ်ပေးပါ။

၄။ ထမင်းပုံမှန်စားပါ


သင့်ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးက စားနေကျအစားအသောက်အပေါ် အများကြီးမူတည်ပါတယ်။ ဆန်မှာ လက်သည်းသန်စွမ်းမှုအတွက်လိုအပ်တဲ့ ဗီတာမင်ဘီဓာတ်ပါဝင်တာကြောင့် သင့်လက်သည်းကျန်းမာရေးကောင်းဖို့အတွက် ပံ့ပိုးပေးနိုင်မှာပါ။

၅။ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ လိမ္မော်ရည်ထဲ ထည့်စိမ်ပေးပါ

Photo Source: updateeverytime.com

ဗီတာမင်စီဓာတ်က လက်သည်းနဲ့ဆံပင်သန်စွမ်းဖို့အတွက်ကူညီပေးနိုင်တာကြောင့် သင့်လက်သည်းကို လိမ္မော်သီးလို ဗီတာမင်စီပါဝင်မှုများတဲ့ပစ္စည်းတွေနဲ့ ထိန်းသိမ်းမှုပြုလုပ်ပေးပါ။ လက်သည်းအရှည်အားကောင်းဖို့ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ လိမ္မော်သီးဖျော်ရည်ထဲကို သင့်လက်သည်းမြုပ်တဲ့အထိစိမ်ပြီး ၁၀မိနစ်ခန့်ထားတာမျိုးပြုလုပ်နိုင်ပါတယ်။ ဒီနည်းကိုနေ့စဉ်ပြုလုပ်နိုင်ပေမယ့် သူ့မှာပါတဲ့အက်စစ်ဓာတ်က လက်သည်းခြောက်သွေ့စေနိုင်တာကြောင့် စိမ်ပြီးတိုင်း ရေနဲ့သေချာပြန်ဆေးတာ၊ အစိုဓာတ်ပေးနိုင်တဲ့ Handcream တစ်မျိုးလိမ်းတာတွေပြုလုပ်ပေးသင့်ပါတယ်။

၆။ Vaseline နဲ့ လက်သည်းကိုပွတ်လိမ်းပေးနိုင်ပါတယ်


Vaseline က သင့်လက်သည်းနဲ့ လက်ပန်းကုံးအပိုင်းတွေအတွက် အစိုဓာတ်ပေးနိုင်တဲ့ Moisturizer အဖြစ်အသုံးဝင်ပါတယ်။ နေ့စဉ်လိမ်းပေးမယ်ဆိုရင် ကြွပ်ဆပ်ပြီးကြည့်ရဆိုးနေတဲ့ လက်သည်းအတွက် အစိုဓာတ်ဖြည့်ပြီးသား ဖြစ်စေမယ့်အပြင် အရှည်လည်းမြန်လာစေမှာပါ။

Source: brightside.me