မင်္ဂလာပါ ပျိုမေတို့ရေ။ နှုတ်ခမ်းနီမလိုဘဲ ပန်းနုရောင်သမ်းနေတဲ့ နှုတ်ခမ်းဖူးလေးက သင့်မျက်နှာကို ပိုနုပြီး ငယ်ရွယ်ပုံပေါက်စေပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နှုတ်ခမ်းသား ခြောက်သွေ့ ကွဲအက်တာ၊ အရောင်အဆင်း ညိုမဲတာမျိုး ကြုံနေရတယ်ဆိုရင် စိုပြေတဲ့နှုတ်ခမ်းလေးပြန်ရဖို့ ထိန်းသိမ်းမှုတွေလိုလာပါပြီ။ ဒါကြောင့်မို့ နှုတ်ခမ်းနီဆိုးတာထက် သဘာဝအတိုင်း ပန်းနုရောင် နှုတ်ခမ်းသားလေး လိုချင်တဲ့ ပျိုမေတို့အတွက် ကိုယ်တိုင်လွယ်လွယ်ကူကူလုပ်လို့ရမယ့် ထိန်းသိမ်းနည်းတွေကို ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာပါ။ အချိန်ကုန်၊ ငွေကုန်မဖြစ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်တဲ့နည်းတွေဖြစ်လို့ လိုက်လုပ်ကြည့်ပါနော်။

Exfoliate လုပ်ပြီး ဆဲလ်သေတွေဖယ်ရှားပါ


ဆဲလ်သေတွေက နှုတ်ခမ်းမှာ ဂျေးတင်သလိုဖြစ်ပြီး အရောင်မွဲစေတာမို့ ဆဲလ်သေတွေမကျန်အောင် နှုတ်ခမ်းကို ချေးချွတ်ပေးဖို့ အရေးကြီးပါတယ်။ Exfoliate လို့ခေါ်တဲ့ ချေးချွတ်ဖို့အတွက် သဘာဝနည်းအဖြစ် သကြားကို အဓိကသုံးနိုင်ပါတယ်နော်။ ဆဲလ်သေနဲ့အတူ နှုတ်ခမ်းအစိုဓာတ်ပါဖြည့်ပေးတဲ့ သကြားနဲ့ပျားရည်၊ ချွေးပေါက်တွေထဲထိ သန့်စင်ပေးနိုင်ဖို့ သကြားနဲ့ Coffee စသဖြင့်သုံးပြီး Scrub ပုံစံပွတ်တိုက်ကာ ချေးချွတ်ပေးပါ။

သွားပွတ်တံနဲ့ တိုက်ပေးပါ


နောက်ထပ်လွယ်လွယ်ကူကူနဲ့ ချေးချွတ်နိုင်မယ့်နည်းက သွားတိုက်တဲ့အခါ သွားပွတ်တံနဲ့ နှုတ်ခမ်းကိုပါ ပွတ်တိုက်ပေးတာပါ။ ကြမ်းကြမ်းတမ်းတမ်း မတိုက်မိအောင်တော့ သတိထားရပါမယ်။ စက်ဝိုင်းပုံစံလှည့်ပြီး ဖြေးဖြေးချင်းတိုက်ကာ ရေခပ်နွေးနွေးနဲ့ ဆေးချလိုက်ပါ။

နှုတ်ခမ်းပေါ်က မိတ်ကပ်တွေ သေချာဖျက်ပါ


မိတ်ကပ်အကျန်တွေရှိနေတာကလည်း သင့်နှုတ်ခမ်းကို မွဲခြောက်ခြောက်ဖြစ်စေပါတယ်နော်။ တစ်နေ့လုံးနီးပါး မိတ်ကပ်လိမ်းရတဲ့သူတွေဆိုရင် ညရောက်တဲ့အခါ မိတ်ကပ်နဲ့ဖုန်တွေ နှုတ်ခမ်းမှာ မကျန်ခဲ့အောင် သေချာပြန်သန့်စင်ပေးပါ။ သန့်စင်ပြီးတဲ့အခါ နှုတ်ခမ်းအစိုဓာတ်ဖြည့်တဲ့ Lip Balm တစ်မျိုး လိမ်းထားပေးနိုင်ပါတယ်။

နှုတ်ခမ်းမှာပါ Sunscreen လိမ်းပေးပါ

Photo Source: iStock

အသားအရေအတွက်ပုံမှန် Sunscreen လိမ်းရသလိုပဲ နှုတ်ခမ်းသားနေမလောင်ဖို့အတွက်လည်း Sunscreen လိုပါတယ်နော်။ အထူးသဖြင့် နေပြင်းတဲ့ရာသီတွေမှာ နှုတ်ခမ်းကိုပါ လုံအောင် Sunscreen လိမ်းပေးပါ။ SPF 15 နှင့်အထက်ပါဝင်တဲ့ Sunscreen မျိုးဖြစ်ဖို့လိုပါတယ်။

ဆေးလိပ်သောက်တာရှောင်ပါ

ဆေးလိပ်က နှုတ်ခမ်းအရောင်ပြောင်းစေတာကို တော်တော်များများသိကြမှာပါ။ သင့်မှာ ဆေးလိပ်သောက်တတ်တဲ့အကျင့်ရှိတယ်ဆိုရင် တတ်နိုင်သလောက်လျှော့ချပြီး မသောက်မိအောင်ရှောင်တာ အကောင်းဆုံးပါပဲ။

ရေများများသောက်ပါ


ခန္ဓာကိုယ်အစိုဓာတ်ရှိမှ အသားအရေစိုပြေလာမှာဖြစ်လို့ နှုတ်ခမ်းသားစိုစိုလေးရချင်ရင် ရေများများသောက်ဖို့ မမေ့ပါနဲ့နော်။ တစ်နေ့ကို အနည်းဆုံး ရေနှစ်လီတာပြည့်အောင် သောက်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar