မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်ကာလာလှလှလေးရဖို့က ဆေးဆိုးလိုက်ရုံနဲ့ မပြီးပါဘူးနော်။ နောက်ဆက်တွဲ ထိန်းသိမ်းမှုတွေလုပ်ပေးမှ ဆံပင်က လွယ်လွယ်နဲ့အရောင်မလွင့်ဘဲ ကြာရှည်ခံမှာပါ။ ဒါ့အပြင် ဆိုးဆေးထိထားတဲ့ဆံသားက သာမာန်ထက်အားပျော့ပြီး ပျက်စီးလွယ်တတ်တာမို့ ပိုပြီးဂရုစိုက်ရပါတယ်။ သေချာမထိန်းသိမ်းတဲ့အခါ ကာလာမခံဘဲ ဆံသားကြမ်းတမ်းခြောက်သွေ့တာတွေဖြစ်လာမှာပါ။ ဒီလိုမဖြစ်ရအောင် ဆံပင်အရောင်ဆိုးပြီး ကြာရှည်ခံစေဖို့ ထိရောက်တဲ့ထိန်းသိမ်းနည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ခေါင်းခဏခဏမလျှော်ပါနဲ့

ခေါင်းအရမ်းလျှော်တာက ဆံသားအရင်းပိုင်းမှာရှိတဲ့ အဆီအနှစ်တွေဆုံးရှုံးစေတာမို့ ဆံပင်ပိုကြမ်းလာတတ်ပါတယ်။ ချေးချွတ် Chemical အာနိသင်တွေပါတဲ့ ခေါင်းလျှော်ရည်တွေက သုံးတာများရင် ဆံပင်အရောင်ကျွတ်လာတတ်တာမို့ လိုအပ်မှ ခေါင်းလျှော်တာမျိုး လုပ်ပေးပါ။ တစ်ပတ်မှာ နှစ်ကြိမ်လောက်ပဲ အများဆုံးလျှော်သင့်ပါတယ်။

ဆံပင်ပေါင်းဆေး Conditioner ပုံမှန်သုံးပေးပါ

ဆေးဆိုးထားတဲ့ ဆံသားအတွက် အစိုဓာတ်ဖြည့်ဖို့က အရေးကြီးတာမို့ Conditioner ပုံမှန်သုံးဖို့ မမေ့ပါနဲ့နော်။ Hydrating အာနိသင်ပါတဲ့ Conditioner တစ်မျိုးကို ခေါင်းလျှော်ပြီးတိုင်း ထည့်သုံးပေးပါ။ ဆံသားပျော့ပြောင်းပြီး အရောင်လည်း ကြာရှည်ခံစေမှာပါ။

မပူဒဏ်မခံရအောင် ဂရုစိုက်ပေးပါ

အပူက အရောင်ကျွတ်ပြီး ဆံလုံးကြမ်းစေတာမို့ အပူနဲ့တိုက်ရိုက်မထိအောင် သတိထားပေးပါနော်။ နေပူထဲ အကာအကွယ်မပါဘဲ ထွက်တာ၊ အပူခံ Spray တစ်ခုခုမဖြန်းဘဲ စက်အပူတွေနဲ့ ဆံပင်ပုံသွင်းတာမျိုးကို ရှောင်ပေးပါ။

ခေါင်းလျှော်တဲ့အခါ ရေအေးသုံးပါ

ခေါင်းလျှော်တဲ့အခါမှာလည်း ရေအေးသုံးတာပိုကောင်းပါတယ်။ အထူးသဖြင့် ဆံပင်ဆိုးထားတာ မကြာသေးတဲ့ကာလမှာ ရေအေးအေးနဲ့ လျှော်တာမျိုး လုပ်ပေးပါ။

သုံးတဲ့ခေါင်းလျှော်ရည်ကို သတိထားပါ

ခေါင်းလျှော်ရည်ကိုတော့ ဆံသားအရောင်ထိန်းပေးတဲ့ Shampoo မျိုးသုံးပေးရင် ပိုကောင်းပါတယ်။ Chemical ပါဝင်မှုများရင်လည်း ဆေးဆိုးထားတဲ့ ဆံပင်နဲ့အဆင်မပြေတာမို့ သဘာဝပစ္စည်းအခြေခံတဲ့ Herbal Shampoo တွေသုံးပေးပါ။

အရောင်ခဏခဏ မဆိုးသင့်ပါဘူး

မကြာခဏ အရောင်ဆိုးတာကလည်း အရောင်ကြာရှည်မခံခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ အရောင်ဆိုးတာများတဲ့အခါ ဆံသားက မခံနိုင်ဘဲ ပြတ်ကျတာ၊ ဖွာပြီး ကျွတ်ထွက်တာတွေဖြစ်နိုင်တာမို့ အနည်းဆုံး ၆လ ခြားပြီးမှ နောက်တစ်ကြိမ် ကာလာပြောင်းတာမျိုး လုပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar