ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားရဖို့ ကြိုးကြိုးစားစားနဲ့ လေ့ကျင့်ခန်းလုပ်နေကြတဲ့သူတွေရှိလား။ နေ့တိုင်းနီးပါး လေ့ကျင့်ခန်းလုပ်ရတာက ထင်သလောက်မလွယ်သလို တစ်ရက်တစ်လေကျရင် ပျင်းပြီး ဆက်လုပ်ဖို့ စိတ်မပါတော့တာ၊ Motivation ပျောက်နေတာမျိုးနဲ့ ကြုံရတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ Workout လုပ်ချိန်ကို ငြီးငွေ့စရာမကောင်းအောင် ပြန်လည်ဖန်တီးပေးရပါမယ်။

ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အချိန် ပျော်ရွှင်တက်ကြွနေဖို့ ကူညီပေးနိုင်တဲ့အရာတွေအကြောင်းကို မျှဝေပေးသွားမှာပါ။ ဒီတော့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

၁။ မတူတဲ့အသစ်တစ်မျိုး လုပ်ပါ

ပုံစံတူလေ့ကျင့်ခန်းတွေကိုပဲ နေ့တိုင်းလုပ်နေတာက ငြီးငွေ့ပြီး ပျင်းဖို့ကောင်းလာမှာပါ။ ယောဂ၊ HIIT ၊ Zumba နဲ့ Cadio စတဲ့ မတူတဲ့ လေ့ကျင့်ခန်းတွေအများကြီးရှိပါတယ်။ ဒါတွေကို တစ်လှည့်စီ ပြောင်းပြီးလုပ်ကြည့်ပါ။ ကိုယ်တကယ်လုပ်ရတာကြိုက်ပြီး ခန္ဓာကိုယ်အတွက်လည်း အဆင်ပြေတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။

၂။ လေ့ကျင့်ခန်းလုပ်တဲ့အချိန် ပြောင်းကြည့်ပါ

လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ တစ်ချို့တွေက တစ်နေ့တာလုံး လန်းဆန်းဖို့ မနက်ပိုင်းလေ့ကျင့်ခန်း လုပ်ရတာကို ပိုအားသန်ကြသလို တစ်ချို့ကတော့ အလုပ်ပြီးချိန် အညောင်းလည်းပြေ Stress လည်းနည်းအောင် နေ့ခင်းပိုင်းမှ လုပ်တတ်ကြပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းလုပ်နေကျအချိန်မှာ ပျင်းပြီး စိတ်မပါတော့ဘူးလို့ ခံစားရရင် လုပ်နေကျအချိန်ကို အပြောင်းအလဲလုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

၃။ သက်တောင့်သက်သာရှိတဲ့ အားကစားဝတ်စုံနဲ့ ဖိနပ်တွေဝတ်ပေးပါ

နောက်ထပ် လေ့ကျင့်ခန်းလုပ်တဲ့အခါ စိတ်အားထက်သန်နေဖို့လုပ်ပေးရမှာကတော့ အားကစားဝတ်စုံနဲ့ ဖိနပ်ကောင်းကောင်းတစ်စုံ ဝတ်ဆင်ပေးရမှာပါ။ အားကစားလုပ်ဖို့ သီးသန့်ထုတ်ထားတဲ့ဝတ်စုံနဲ့ ဖိနပ်တွေက သင့်ကို လှုပ်ရှားရပိုကောင်းပြီး ကိုယ်ပေါ်က ချွေးကိုစုပ်ယူပေးတာကြောင် ချွေးနံ့လည်းထိန်းရာရောက်သလို သက်တောင့်သက်သာနဲ့ စတိုင်လည်းကျစေမှာပါ။

၄။ အဖော်တစ်ယောက်နဲ့ လေ့ကျင့်ခန်းအတူတူလုပ်ကြည့်ပါ

တစ်ယောက်ထဲလေ့ကျင့်ခန်းလုပ်ရင် ပျင်းပြီး အချိန်ဆွဲနေဖို့များပါတယ်။ တစ်ယောက်ယောက်နဲ့ လေ့ကျင့်ခန်းအတူလုပ်ပေးတဲ့အခါ ကိုယ့်ဘေးမှာ အဖော်ရှိတယ်ဆိုတဲ့စိတ်က လေ့ကျင့်ခန်းပြီးတဲ့အထိ ဆက်လုပ်နိုင်ဖို့ တွန်းအားတစ်ခုဖြစ်စေမှာပါ။

၅။ လေ့ကျင့်ခန်းလုပ်နေကျ ပတ်ဝန်းကျင်ကို ပြောင်းလဲပေးပါ

လေ့ကျင့်ခန်းကို နေရာတစ်ခုထဲမှာ နေ့တိုင်းလုပ်ရတာကလည်း ကြာလာရင် တဖြည်းဖြည်းနဲ့ ပျင်းသွားတတ်ပါတယ်။ ဥပမာ သင်က အိမ်မှာပဲ Workout လုပ်လေ့ရှိတဲ့သူဆိုရင် အပြောင်းအလဲဖြစ်အောင် အပြင်ထွက်ပြေးတာ၊ စက်ဘီးထွက်စီးတာ ဒါမှမဟုတ် Gym မှာ လေ့ကျင့်ခန်းသွားလုပ်တာမျိုး ပြုလုပ်ပေးပါ။

၆။ သီချင်းဖွင့်ထားပေးပါ

သီချင်းဖွင့်ပြီး လေ့ကျင့်ခန်းလုပ်တာက အပျင်းလည်းပြေသလို လေ့ကျင့်ခန်းလုပ်ချင်စိတ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ သာမာန်အတိုင်းလေ့ကျင့်ခန်းလုပ်တာထက်စာရင် သီချင်းဖွင့်ထားတာက သင့်ကို ပုံမှန်ထက်အမောခံနိုင်ပြီး စိတ်တက်ကြွနေဖို့ ကူညီပေးမှာပါ။ ဒါကြောင့် သင်ကြိုက်တဲ့ ခပ်မြူးမြူးသီချင်းလေးတွေဖွင့်ပြီး Workout လုပ်ကြည့်ဖို့ မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar