ကိုယ့်ကို ခံစားရအောင် လုပ်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ပေးဖို့၊ ဒီအတိုင်း လက်လွှတ်လိုက်ဖို့က မလွယ်ကူတဲ့ ကိစ္စပါ။ ဒါပေမဲ့ ဒီလို ခွင့်လွှတ်လိုက်တာက သင်ကောင်းဖို့အတွက် ဆိုတာ သိထားသင့်ပါတယ်။ သင့်ကို နာကျင်အောင် လုပ်ခဲ့သူတွေက သင့်ရည်းစားဟောင်း ဖြစ်နိုင်သလို သင့်သူငယ်ချင်း၊ သင့်ဆွေမျိုး စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် အောက်ဖော်ပြပါ နည်းလမ်းတွေက အသုံးဝင်မှာပါ။

၁။ ဖြစ်ခဲ့တာကို လက်ခံပါ

သင်တို့နှစ်ဦးက ပြဿနာဖြစ်ခဲ့တယ်ဆိုရင် ဒါကို လက်ခံရပါမယ်။ မဖြစ်ခဲ့ဘူးဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မလှည့်စားထားသင့်ပါဘူး။ ဝမ်းနည်းစရာရှိရင်လည်း သင်က တင်းခံမထားဘဲ ဝမ်းနည်းပစ်ပါ။ အဓိကက သူနဲ့ ကွဲကွာသွားပြီဆိုတာကို လက်ခံထားသင့်ပါတယ်။

၂။ သင်လုပ်စရာရှိတာကို လုပ်ပါ

နာကျင်ခဲ့ရတဲ့ ဆက်ဆံရေးတစ်ခုကို ပြန်လှည့်ကြည့်လို့ သင်ကိုယ်တိုင်ပါ မှားခဲ့တယ်ဆိုရင် ဒီလူကို ပြန်တောင်းပန်ဖို့ မပျက်ကွက်သင့်ပါဘူး။ တောင်းပန်လိုက်တဲ့အချိန် သင့်စိတ်ထဲ ပေါ့ပါးသွားပြီး ရှေ့ဆက်ဖို့ အားအင်တွေ ပြန်ရပါလိမ့်မယ်။

၃။ နက်နက်ရှိုင်းရှိုင်းထိ မသွားပါနဲ့

သင်နဲ့ ပြဿနာဖြစ်ခဲ့သူက သင့်ဆွေမျိုး၊ အလုပ်တွဲလုပ်တဲ့သူဆိုရင် သူတို့နဲ့ စကားပြောတဲ့အချိန် စကားနာ ထိုးတာမျိုး မလုပ်သင့်ပါဘူး။ ဖြစ်ခဲ့သမျှကိစ္စကို နက်နက်ရှ်ိုင်းရှိုင်း ထိုးနှက်တာမျိုးကို ရှောင်ပြီး ပေါ့ပေါ့ပါးပါးပဲ စကားပြောသင့်ပါတယ်။

၄။ ခပ်ခွာခွာနေပါ

ဒီနာကျင်ခဲ့တဲ့ ဆက်ဆံရေးကို အခွင့်ကောင်းယူပြီး သူနဲ့ ဝေးဝေးနေဖို့ ဆုံးဖြတ်သင့်ပါတယ်။ သင်ခံစားခဲ့ရတာတွေကို မေ့နိုင်ဖို့အတွက် သူနဲ့ မတွေ့ရလေ ကောင်းလေဆိုတဲ့ အတွေးမျိုး ထားသင့်ပါတယ်။

၅။ ကျေးဇူးတင်လိုက်ပါ

ဒီလောကမှာ သင့်ကို နာကျင်အောင် လုပ်တဲ့သူတွေ ရှိခဲ့သလို သင်ကိုယ်တိုင်က တခြားသူကို နာကျင်အောင် လုပ်ခဲ့ဖူးတာတွေ ရှိဖူးမှာပါ။ သင့်ကို စိတ်ပျက်အောင် လုပ်ခဲ့ဖူးသူတွေကလည်း အကောင်းဆုံး ကြိုးစားခဲ့သူတွေပါ။ သူတို့ကို သနားစိတ်သာ မွေးလိုက်ရင် သင်လည်း အေးချမ်းပါလိမ့်မယ်။

၆။ တခြားဆက်ဆံရေးအသစ်တွေ ရှာဖွေပါ

သင့်ကို ပျော်ရွှင်စေတဲ့၊ ဂရုစိုက် နွေးထွေးမှုတွေ ပေးတဲ့ ဆက်ဆံရေးအသစ်တွေ ရှေ့လျှောက်အနာဂတ်မှာ အများအပြား ရှိပါသေးတယ်။ ဒီအပြုအမူက သင့်ကို နာကျင်အောင် လုပ်ခဲ့သူတွေကို ဂရုမစိုက်တာမျိုး မဟုတ်ဘဲ သင့်အတွက် အကောင်းဆုံးလမ်းကို ရွေးချယ်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar