သင့်ကိုယ်သင်ရော ချစ်ရဲ့လား။ မေးခွန်းလေးက ရိုးရှင်းပေမဲ့ အဖြေကတော့ ထင်သလောက်မလွယ်ကူပါဘူး။ ကျွန်မတို့တွေက ကိုယ့်ပတ်ဝန်းကျင်က ချစ်သူခင်သူတွေကို ဂရုစိုက်ပေးနေရတာနဲ့ပဲ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ချစ်ပေးဖို့ မေ့လာကြပါတယ်။ ကိုယ့်ကိုယ်ကိုချစ်ပေးရမဲ့အစား သူတစ်ပါးက ကိုယ့်ကို ဂရုစိုက်အလေးပေးပြီး ချစ်ခင်ပေးဖို့ကိုပဲ မျှော်လင့်နေကြတာပါ။

တကယ်တမ်းကျတော့ မိမိကိုယ်ကို ချစ်ပေးမှ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှ ယုံကြည်မှုရှိပြီး ပျော်ရွှင်အေးချမ်းမှုကို ခံစားနိုင်မှာပါ။ အဲ့ဒါဆိုရင် သူများတွေကို ခဏမေ့ထားပြီး ကိုယ့်ကိုယ်ကို ဘယ်လိုချစ်ပေးကြမလဲ။

၁။ မိမိအားနည်းချက်ကို လက်ခံပါ

Photo Source: theunboundedspirit.com

ကမ္ဘာပေါ်မှာ အရာအားလုံးပြီးပြည့်စုံနေတဲ့ လူသားရယ်လို့ မရှိပါဘူး။ ဒါ့ကြောင့် မိမိအားနည်းချက်ကို အပြစ်မြင်ပြီး ကိုယ့်ကိုယ်ကို ဝေဖန်နေတာ ရပ်လိုက်ပါ။ အားငယ်ပြီးသိမ်ငယ်စိတ်ဝင်နေတာတွေ ရပ်တန်းက ရပ်လိုက်ပါတော့။

၂။ စာရေးပါ

Photo Source: studybreaks.com

စာရေးဖို့အတွက် စာရေးကောင်းပြီး ပါရမီရှိတဲ့ စာရေးဆရာတစ်ယောက်ဖြစ်စရာ မလိုပါဘူး။ သင့်ခံစားရတဲ့ ဝမ်းနည်းဝမ်းသာခံစားချက်တွေ အကုန်လုံးကို ချရေးထားပြီး တစ်ချိန်ချိန်မှာ ပြန်ဖတ်ပေးမယ်ဆိုရင် ကိုယ်က ဘယ်လောက်ရင့်ကျက်လာတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲလာသလဲ ဆိုတာကို တွေ့မြင်ရမှာပါ။

၃။ ပျော်ရွှင်မှုကို ဆောင်ကျဉ်းလာသူတစ်ယောက် ဖြစ်ပါစေ

Photo Source: www.bellabeat.com

ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်း အပြုအမူလုပ်ရပ်တစ်ခုကြောင့် သူတစ်ပါးပြုံးပျော်သွားတာကို မြင်လိုက်ရတာက ဘာနဲ့မှ လဲလို့မရပါဘူး။ အထူးသဖြင့် သူတစ်ပါးပျော်ရွှင်ရခြင်း အကြောင်းအရင်းက ကိုယ့်ကြောင့်ဆိုရင် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားက သင်ပဲဖြစ်ပါလိမ့်မယ်။

၄။ ခွင့်လွှတ်ပေးပါ

Photo Source: www.jordanharbinger.com

ကိုယ့်အပေါ် အမှားကျူးလွန်ထားတဲ့ သူတစ်ယောက်ကို ရန်ငြိုးအာဃာတတွေ မထားဘဲ ခွင့်လွှတ်ပေးလိုက်ပါ။ မိမိရဲ့စိတ် ငြိမ်အေးပျော်ရွှင်ပြီး အေးချမ်းမှုကို ခံစားရမှာပါ။ ဒီလိုလုပ်ပေးခြင်းကလည်း မိမိကိုယ်ကို ချစ်နည်းတစ်မျိုးပါပဲ။

၅။ သူတစ်ပါးကို မဝေဖန်ပါနဲ့

Photo Source: execjobs.irishtimes.com

သူတစ်ပါး ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကို ကာယကံရှင်ကလွဲပြီး ဘယ်သူမှ မသိပါဘူး။ ဒါ့ကြောင့် ဘယ်သူ့ကိုမှ မဝေဖန်ဘဲ လူတိုင်းကို ကြင်ကြင်နာနာနဲ့ဆက်ဆံပေးခြင်းက မိမိကိုယ်ကို ကြင်နာတာနဲ့အတူတူပါပဲ။

၆။ အပေါ်ယံမျက်နှာဖုံးကို ခွာချလိုက်ပါ

Photo Source: coreenergeticspolska.com

လူအများနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ လိုက်လျောညီထွေဖြစ်အောင် သူတို့အကြိုက်လိုက်ပြီး ပုတ်သင်ညိုလို အရောင်ပြောင်း ဆက်ဆံနေရတဲ့ ခံစားချက်ကို ခံစားဖူးပါလိမ့်မယ်။ အဲ့ဒီလို ဟန်ဆောင်နေတာကို ရပ်လိုက်ပါတော့နော်။ ကိုယ့်ပတ်ဝန်းမှာဘယ်သူပဲရှိရှိ ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ ကိုယ့်ရဲ့ပုံသဏ္ဍာန်အမှန်အတိုင်းပဲ ပေါင်းသင်းဆက်ဆံပေးပါ။ အဲ့လိုဆိုရင်တော့ သင့်ကိုယ်သင် ကောင်းကောင်းချစ်တတ်တဲ့ သူတစ်ယောက်ဖြစ်သွားပါလိမ့်မယ်။