တစ်နေ့တာကို လှုပ်ရှားမှုမရှိဘဲ အလုပ်စားပွဲပေါ်မှာပဲ ကုန်ဆုံးလိုက်တာက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး ကျန်းမာရေးပေါ်သက်ရောက်မှုများစွာရှိတာကို ပျိုမေတို့သိထားပြီးသားဖြစ်မှာပါ။ ပျိုမေတို့အနေနဲ့ အချိန်ပြည့် အလုပ်တွေကြောင့် သပ်သပ်အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ဖို့ မလွယ်တဲ့အခါ လေ့ကျင့်ခန်းမလိုဘဲ လှုပ်လှုပ်ရှားရှားဖြစ်စေမယ့်အရာတွေကို ကိုယ့်ရဲ့ Lifestyle ထဲမှာ မွေးမြူထားနိုင်ရင်အကောင်းဆုံးပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာ အချိန်ကုန်သက်သာပြီး တစ်နေ့တာအတွက် လှုပ်လှုပ်ရှားရှားဖြစ်စေဖို့ ပြုလုပ်နိုင်တဲ့အရာတွေ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ လှေကားအတက်အဆင်းပြုလုပ်နိုင်တယ်

လှေကားအတက်အဆင်းပြုလုပ်တာက သင့်ကိုအမောခံနိုင်ပြီး ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားသန်မာလာစေဖို့ လေ့ကျင့်ပေးရာရောက်ပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံ အထပ်အရမ်းမမြင့်တဲ့နေရာတွေ တက်ရတဲ့အခါ ဓာတ်လှေကား၊ စက်လှေကားအစား ရိုးရိုးလှေကားသုံးပြီး အတက်အဆင်းလုပ်ကြည့်ပါ။

၂။ လမ်းလျှောက်ပေးနိုင်တယ်

လမ်းလျှောက်တာက အရိုးရှင်းဆုံးနဲ့ ထိရောက်တဲ့လေ့ကျင့်ခန်းတွေထဲက တစ်ခုပါပဲ။ သင့်အနေနဲ့ သီးသန့်အချိန်ပေးစရာမလိုဘဲ နီးနီးနာနားသွားစရာရှိတဲ့အခါ လမ်းလျှောက်သွားလိုက်တာ၊ အလုပ်လုပ်ရင်း ခဏနားတဲ့အချိန် လမ်းထလျှောက်လိုက်တာမျိုး ပြုလုပ်ပေးလို့ရပါတယ်။

၃။ သီချင်းနားထောင်ပြီး ကခုန်နိုင်တယ်

အချိန်ပေးရတဲ့ Workout တွေမလုပ်ချင်သူတို့အတွက် ကိုယ်ကြိုက်တဲ့ ခပ်မြူးမြူးသီချင်းလေးတစ်ပုဒ် နားထောင်ပြီး စိတ်လွတ်လက်လွတ်ကခုန်လိုက်တာကလည်း သင့်ကို လှုပ်လှုပ်ရှားရှားဖြစ်စေပြီး လေးပင်နေတဲ့ ခန္ဓာကိုယ်ကို ပေါ့ပါးသွားစေပါလိမ့်မယ်။

၄။ သင့်ခွေးလေးတွေနဲ့ အပြင်ထွက်ပေးနိုင်တယ်

ကိုယ့်အိမ်က ခွေးလေးတွေနဲ့ဆော့တာ၊ စက်ဘီးစီးထွက်တာ၊ လမ်းလျှောက်ထွက်တာတွေက သင့်ကို စိတ်ရောကိုယ်ပါ အပန်းပြေပြီး Stress လျော့စေတဲ့အပြင် လှုပ်လှုပ်ရှားရှားလည်းဖြစ်စေမှာပါ။

၅။ ကြိုးခုန်ပေးနိုင်တယ်

Gym သွားဖို့အချိန်မပေးနိုင်သူတွေ အားတဲ့အချိန် အိမ်မှာနေရင်း ကြိုးခုန်ပေးတာကလည်း ကယ်လိုရီနဲ့ အဆီပိုတွေလောင်ကျွမ်းဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ လေ့လာမှုတွေအရ ၁၅ မိနစ် ကြိုးခုန်ပေးခြင်းဟာ ကယ်လိုရီပေါင်း ၂၀၀ ကနေ ၃၀၀ ကြားအထိလောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။

၆။ အိမ်သန့်ရှင်းရေးပြုလုပ်နိုင်တယ်

ကိုယ့်အလုပ်ခုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ရှင်းပေးတာနဲ့ အိမ်သန့်ရှင်းရေးလုပ်ပေးတွေကတစ်ဆင့်လည်း ကယ်လိုရီတွေ လောင်ကျွမ်းအောင် ပြုလုပ်နိုင်တာမို့ အားတဲ့အချိန်မှာ ထိုင်နေတာထက် လှုပ်လှုပ်ရှားရှား ဖြစ်အောင် ကိုယ့်ပတ်ဝန်းကျင်ကို ပုံမှန်ရှင်းပေးတာမျိုး ပြုလုပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar