အရွယ်တင်နုပျိုနေစေပြီး အသားအရည်လေးတွေ ဝင်းလက်တောက်ပနေဖို့ ဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါပဲ။ ဒါ့ကြောင့် အသားအရည် ထိန်းသိမ်းဖို့ Skincare အမျိုးမျိုးသုံးတယ်။ အမြဲတမ်းလှပနေဖို့အတွက် အလှကုန်ပစ္စည်းအမျိုးမျိုး အသုံးပြုကြပါတယ်။ ဒါပေမယ့် ခဏတာ အလှအပအတွက်ပဲ အသုံးဝင်ပါတယ်။ တစ်သက်တာလုံး စိုပြေဝင်းမွတ်တဲ့အသားအရေလေး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် အချက် ၆ ချက်ကို လိုက်ပြုလုပ်ကြည့်ပါနော်။

၁။ စိတ်ဖိစီးမှုကို လျော့ချပါ

စိတ်ဖိစီးမှုများက အသားအရေမှာ အရေးအကြောင်းတွေ ပေါ်လာအောင် အရွယ်နဲ့ မလိုက်ဘဲ အိုစာမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို ဝေးဝေးကရှောင်မယ်။ စိတ်ဖိစီးမှုရှိလာခဲ့ရင်လည်း နည်းလမ်းမျိုးစုံသုံးပြီး စိတ်ဖိစီးမှုကို ဖြေလျော့ခြင်းဖြင့် အသားအရည်အလှအပကို ထိန်းသိမ်းထားပါ။

၂။ ရေများများသောက်ပါ

တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်သောက်သုံးပေးခြင်းက အသားအရည်ကို ရေဓာတ်ဖြည့်ပေးပြီး စိုပြေဝင်းမွတ်နေစေပါတယ်။ သစ်သီးဖျော်ရည် သောက်သုံးပေးခြင်းကလည်း အသားအရည်ရဲ့အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ သစ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းစတဲ့ အိုမင်းရင့်ရော်မှုလက္ခဏာတွေကို ကာကွယ်ပေးပါတယ်။ လက်ဖက်စိမ်းတစ်နေ့တစ်ခွက် သောက်သုံးခြင်းကလည်း နေလောင်ဒဏ်ကြောင့် အသားအရည်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

၃။ ကျန်းမာစေတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပါ

Photo Source: abbottfamily.com.sg

သင် ဒီနေ့စားလိုက်တဲ့ အစားအစာရဲ့ ရလဒ်ကို မနက်ဖြန် သင့်အရေပြားပေါ်မှာ ပေါ်နေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအသောက်တွေ ကြောင့် အသားအရည် အရောင် မွဲခြောက်ခြောက်ဖြစ်ခြင်း၊ အရေးအကြောင်းပေါ်တာတွေ ဖြစ်လာပါလိမ့်မယ်။ အမျှင်ဓာတ်၊ ပရိုတိန်းဓာတ်နဲ့ ကဆီဓာတ်ကြွယ်ဝတဲ့အစားအစာများ၊ Omega 3 နဲ့ Fatty Acids ကြွယ်ဝတဲ့အစားအစာများ က ဝက်ခြံနဲ့ အမဲစက်များကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းများကို ထိန်းချုပ်ဟန့်တားပေးပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများက ဆိုရင် အသားအရည်ကို ငယ်ရွယ်နုပျိုတဲ့ ပုံပေါက်အောင် ပြုလုပ်ပေးပါတယ်။

၄။ အရက်နဲ့ ဆေးလိပ်ရှောင်ပါ

သေရည် သေရက်သောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်းတွေက ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် အသားအရည်ရဲ့ တောက်ပမှုတွေကို စုပ်ယူသွားပြီး မွဲခြောက်ခြောက်ဖြစ်အောင် ပြုလုပ်ပါတယ်။

၅။ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ

အပြင်သွားတဲ့အခါ နေရောင်ကာခရင်မ်လိမ်းခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ ထီးဆောင်းခြင်းတို့ ပြုလုပ်ပေးပါ။ လိုအပ်ပါက နေကာမျက်မှန်တပ်ပေးပါ။ သင့်အသားအရည်ကို ပြင်ပထိခိုက်ဒဏ်ရာများမှ ကာကွယ်ပေးခြင်းကလည်း အရွယ်တင်နုပျိုနေစေတဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။

၆။ အသားအရည်ကို ထိန်းသိမ်းစောင့်ရှောက်ပါ

အသားအရည်က ထိန်းသိမ်းစောင့်ရှောက်မှု အများကြီးလိုအပ်ပါတယ်။ အသားအရည်သန့်စင်ပေးခြင်းက အရေပြားပေါ်က အညစ်ကြေးတွေကို သန့်စင်ပေးပါတယ်။ ပြီးတဲ့အခါ အသားအရည် နူးညံ့ပြီး အစိုဓာတ်ထိန်းထားနိုင်ဖို့ Moisturizer Cream လိမ်းပေးဖို့လည်း လိုအပ်ပါတယ်။ တိုနာကတော့ အရည်ပြားကို တင်းရင်းနူးညံ့စေပါတယ်။ ပြီးတဲ့အခါ အရေပြားကို တစ်ပတ်တစ်ခါ ကြေးချွတ်ပေါင်းတင်ပေးခြင်းက အသားအရည်တောက်ပနေစေဖို့ ကူညီပေးပါတယ်။