မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်အဖျားပိုင်းတွေဖွာပြီး ပြတ်ကျတာက ရိုးရိုးဆံပင်ကျွတ်တာထက် ပိုပြီးကြည့်ရဆိုးပါတယ်နော်။ သင်ကိုယ်တိုင်လည်း ဆံပင်က ဖြီးလိုက်တာနဲ့ အဖျားတွေဖွာပြီး ပြတ်ထွက်လာလို့စိတ်ရှုပ်နေရတယ်ဆိုရင် ပြန်သက်သာဖို့ ထိန်းသိမ်းနည်းတွေ သိထားတာက မမှားပါဘူး။ ဆံပင်အဖျားပိုင်းပြတ်ကျတာက Chemical များတဲ့ဆိုးဆေးတွေ၊ အပူဒဏ်နဲ့ အရည်အသွေးမကောင်းတဲ့ ဆံသားပြုပြင်ပစ္စည်းတွေကြောင့် အဖြစ်များပါတယ်။ ဒါတွေကိုပြုပြင်နိုင်ပြီး ဆံသားပြန်ကောင်းလာဖို့ လုပ်ကြည့်သင့်တဲ့ ထိန်းသိမ်းနည်းတွေကို ဒီတစ်ခေါက်ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။
Conditioner ကအရေးကြီးပါတယ်
ဆံပင်အဖျားတွေဖွာတာက တစ်နည်းအားဖြင့် ဆံသားအဆီနဲ့ အစိုဓာတ်တွေခန်းခြောက်နေတာကြောင့်ပါ။ ဒီလိုဆံသားကို အစိုဓာတ်ပြန်ရဖို့ ခေါင်းလျှော်ပြီးတိုင်း Conditioner သုံးပေးဖို့ လိုပါတယ်။ Conditioner ကသုံးပြီးတဲ့နောက် ဆံသားကို ပျော့ပြောင်းသွားစေတာမို့ ညှိပြီးပြတ်ထွက်တာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်ပါတယ်။
အပူနဲ့ပုံသွင်းတာကို ရှောင်ပါ
စက်အပူတွေနဲ့ ထိတွေ့တာက ဆံပင်ဖွာပြီးပြတ်ကျခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ အပူနဲ့ထိတာများလာတဲ့အခါ ဆံသားကခံနိုင်ရည်မရှိဘဲ အဖျားတွေကျွတ်ပြီးပြတ်ထွက်တတ်ပါတယ်။ ဒါတွေမဖြစ်အောင် အကာအကွယ်မပါဘဲနေပူထဲထွက်တာမျိုးရှောင်ပြီး အပူနဲ့ပုံသွင်းတာကို တတ်နိုင်သလောက် လျှော့ချကာ မဖြစ်မနေလိုမှ အပူခံစပရေးဖြန်းပြီး သုံးတာမျိုးလုပ်သင့်ပါတယ်။
လိုတာထက်ပိုပြီး ခေါင်းမလျှော်သင့်ပါဘူး
အခုလို ပူတဲ့ရာသီဆိုရင် ချွေးထွက်များတာမို့ ခဏခဏခေါင်းလျှော်ချင်လာမှာပါ။ ဒါပေမယ့် လိုတာထက်ပိုခေါင်းလျှော်တာကလည်း ဆံသားတွင်းသဘာဝအဆီတွေဆုံးရှုံးပြီး ဆံပင်ကြမ်းကာ ဖွာလာတတ်ပါတယ်။ သင့်အနေနဲ့ တစ်ပတ်မှာနှစ်ကြိမ်၊ သုံးကြိမ်အများဆုံးထားပြီး လျှော်တာအကောင်းဆုံးပါ။
Shampoo အပျော့တွေသုံးပေးပါ
Shampoo ရွေးတဲ့အခါမှာလည်း Chemical နည်းပြီး ဆံသားအဆီမဆုံးရှုံးစေတဲ့ ဆေးဖက်ဝင်ခေါင်းလျှော်ရည်အပျော့တွေကို သုံးပေးတာ ပိုကောင်းပါတယ်။
ဆံပင်အရောင်ဆိုးတာကို ရပ်ထားပါ
ဆိုးဆေးမှာပါတဲ့ Chemical တွေက ဦးရေပြားနဲ့ ဆံသားအရင်းတွေကို အားနည်းစေတာမို့ ဆံပင်ပါးစေတဲ့အပြင် အဖျားနှစ်ခွထွက်ပြီး ကြည့်ရဆိုးတတ်ပါတယ်။ ဒါကိုသက်သာဖို့ ရှည်လာတဲ့အခါ ဆံပင်အဖျားပိုင်းတွေတိပေးပြီး ဆေးဆိုးတာကို ရပ်ထားပေးပါ။
ခေါင်းဖြီးတဲ့အခါ သတိထားပါ
အသားကြမ်းတဲ့ဘီးတွေနဲ့ ဆွဲချပြီးဖြီးတာ၊ ဖြစ်သလိုလက်နဲ့ဖြီးချတာတွေကလည်း ပျက်စီးလွယ်တဲ့ဆံသားကို ပိုဆိုးစေပါတယ်။ ဆံပင်အထုံးတွေဖြည်ဖို့လိုတဲ့အခါ အသွားကျဲဘီးကိုသုံးပြီး ဖြေးဖြေးချင်းဖြီးပေးပါ။
Photo Source: Pinterest
By MyStyle Myanmar