မင်္ဂလာပါနော်။ ခေါင်းလျှော်ပြီးခဏလေးနဲ့ ဆံသားအဆီပြန်ပြီး စေးကပ်ကပ်ဖြစ်တတ်လို့ စိတ်ရှုပ်နေရတဲ့သူတွေရှိလား။ ဒီလိုဖြစ်တာကြောင့် ခေါင်းခဏခဏပြန်လျှော်မိရင်လည်း သင့်ဆံသားက သဘာဝအဆီတွေ ဆုံးရှုံးပြီး မွဲခြောက်သွားမှာပါ။ ဒါတွေမဖြစ်ရအောင် ဆံသားစေးကပ်ခြင်းသက်သာဖို့ ဆောင်ရန်ရှောင်ရန် ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပေါင်းဆေး၊ ပျော့ဆေးသုံးတဲ့အခါ သတိထားပါ


ဆံသားပျော့ပျောင်းကာ အစိုဓာတ်ရနေဖို့ ခေါင်းလျှော်ပြီးတိုင်း Conditioner သုံးကြမှာပါ။ ဒါပေမယ့် လိုအပ်တာထက် ပိုသုံးမိရင်တော့ ဆံသားအဆီပြန်ပြီး စေးကပ်စေတာကို သတိထားဖို့လိုပါတယ်။ အထူးသဖြင့် သုံးတဲ့အခါ ဦးရေပြားနဲ့ မထိစေဘဲ ဆံပင်အလည်နဲ့ အောက်ဖျားတွေကိုပဲ လိမ်းပေးပါ။ အလားတူ Conditioner သုံးပြီး ပြောင်အောင် ရေမဆေးတဲ့အခါမှာလည်း ဆံပင်ကစေးကပ်လွယ်တာမို့ သေချာပြန်ဆေးပေးဖို့ မမေ့သင့်ပါဘူး။

Shampoo ကောင်းကောင်းတစ်ခုလိုပါတယ်


ဆံသားထိန်းသိမ်းမှုလုပ်တော့မယ်ဆိုရင် ခေါင်းလျှော်တဲ့အဆင့်က အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးပါပဲ။ ခေါင်းလျှော်ရည်အရွေးမှန်ဖို့လိုတာမို့ ကိုယ့်ဆံသားနဲ့အဆင်ပြေသလို Chemical နည်းပြီး သဘာဝအတိုင်း အစိုဓာတ်ရကာ အိစင်းနေစေမယ့် ခေါင်းလျှော်ရည်မျိုး သုံးပေးသင့်ပါတယ်။

မလိုအပ်တဲ့ ဆံသားပစ္စည်းတွေကိုလျှော့ပါ


Hair Product တွေကို လိုအပ်တာထက် ပိုသုံးမိရင်လည်း ဆံသားကအဆီပိုပြန်ပြီး စေးကပ်နေသလို မြင်ရမှာပါ။ ဥပမာ Hairspray နဲ့ လိမ်းဆီတွေကို ခဏခဏသုံးမယ်ဆိုရင် ပတ်ဝန်းကျင်က ဖုန်၊ ဘက်တီးရီးယားတွေ ကပ်ရာကတစ်ဆင့် ဆံပင်အဆီထွက်လာမှာပါ။

အလွန်အကျွံခေါင်းမဖြီးပါနဲ့


မလိုအပ်ဘဲ ခေါင်းခဏခဏဖြီးလွန်းရင်လည်း ဆံပင်ကစေးကပ်လာတတ်တာမို့ မဖြစ်မနေလိုအပ်မှ ဆံပင်ကိုရှင်းတာမျိုး လုပ်ပေးပါ။ ဒါ့အပြင် ကိုယ်သုံးတဲ့ခေါင်းဖြီးမသန့်ရင်လည်း ဆံပင်မှာ အညစ်အကြေးကပ်ပြီး စေးကပ်နိုင်တာမို့ ခေါင်းဖြီးတွေကို ပုံမှန်ဆေးကြောပေးဖို့လည်း မမေ့ပါနဲ့။

Stress နည်းအောင်နေပါ


Stress တွေအရမ်းများနေတဲ့အခါမှာလည်း ဦးရေပြားကအဆီပိုထွက်တာမို့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးဖို့ လိုအပ်ပါတယ်။ အိပ်ရေး၀၀အိပ်ပြီး Stress လျော့ကျစေမယ့် အလေ့အကျင့်တွေ မွေးမြူကြည့်ပါ။

လက်နဲ့မကြာခဏ ဆံပင်ကိုင်တာမျိုးကိုရှောင်ပါ

လက်နဲ့ဆံပင်ကို ခဏခဏကိုင်တာကလည်း ဆံသားကို စေးကပ်ကပ်ဖြစ်စေတာမို့ ဆံပင်ကိုင်တတ်တဲ့အကျင့်ရှိရင်ပြင်ပေးတာ အကောင်းဆုံးပါပဲ။

Photo Source: Pinterest

By MyStyle Myanmar