မင်္ဂလာပါနော်။ စာဖတ်သူတွေထဲမှာ နေ့စဉ်ပြုလုပ်မိနေတဲ့ အကျင့်ဆိုးတွေကနေ ရုန်းမထွက်နိုင်တဲ့သူတွေ ရှိလား။ လူအများစု ရှိတတ်ကြတဲ့အကျင့်ဆိုးတွေထဲမှာ ကိစ္စတစ်ခုကိုနီးမှကပ်လုပ်ပြီး အချိန်စွဲတာ၊ Comfort Zone ထဲပိတ်မိပြီး အချိန်ဖြုန်းနေတတ်တာ၊ အိပ်ရေး၀၀မအိပ်တာ၊ ရေသောက်ဖို့မေ့တာနဲ့ လှုပ်လှုပ်ရှားရှားမနေတာစတာတွေ ပါဝင်ပါတယ်။ သင့်မှာလည်း ဒီလိုမျိုး ကိုယ်တိုင်ကပြုပြင်ချင်ပေမယ့် စိတ်အလိုလိုက်ပြီးဆက်လုပ်မိနေတဲ့ အမူအကျင့်ဆိုးတွေရှိနေတယ်ဆိုရင်တော့ ဒီဆောင်းပါးမှာပါဝင်တဲ့ အကြောင်းအရာတွေက သင့်ကိုကူညီပေးပါလိမ့်မယ်။ ဒီတစ်ခေါက်မှာ အမူအကျင့်ဆိုးအားလုံးကို စွန့်ပစ်ချင်သူတွေ ပြုပြင်ပြောင်းလဲဖို့လိုတဲ့အရာတွေအကြောင်းကိုပြောပြပေးသွားမှာပါ။

၁။ ဘာကြောင့်ပြောင်းလဲချင်လဲဆိုတာ သေချာသိအောင်လုပ်ပါ


သင့်အနေနဲ့ ကိုယ့်အကျင့်တွေကိုမပြောင်းလဲခင်မှာ ဘာကြောင့်ပြောင်းလဲဖို့လိုသလဲဆိုတဲ့ ရည်ရွယ်ချက်တစ်ခုကို ရှင်းရှင်းလင်းလင်းသိအောင်အရင်ပြုလုပ်ဖို့လိုပါတယ်။ ဥပမာ သင်ကပိုကျန်းမာချင်လို့ ပြောင်းလဲတာ ဒါမှမဟုတ် အရင်ထက်ဝိတ်ကျချင်လို့ပြောင်းလဲတာ စတဲ့အကြောင်းအရင်းတစ်ခုရှိထားဖို့ လိုပါတယ်။ ဒီလိုသိထားတာက ပြောင်းလဲနိုင်ဖို့တွန်းအားဖြစ်စေသလို အမြင်ပိုကျယ်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုတိုးစေပါလိမ့်မယ်။

၂။ အမူအကျင့်ကောင်းတစ်ခုကို အာရုံစိုက်ပြီးမွေးမြူပေးပါ


လေ့လာမှုတွေရဲ့အကြံပေးချက်အရ အမူအကျင့်အားလုံးစုပြုံပြီး ပြောင်းလဲလိုက်တာထက် တစ်ခုချင်းအကျင့်ပါအောင် တဖြည်းဖြည်းပြောင်းလဲပေးတာက ပိုပြီးအောင်မြင်နိုင်ချေများတယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်အနေနဲ့လည်း ကိုယ့်အတွက်အရေးအကြီးဆုံးဖြစ်တဲ့ အလေ့အကျင့်ကောင်းတစ်ခုကို Goal သတ်မှတ်ပြီး အရင်ပြောင်းလဲကြည့်ဖို့လိုပါတယ်။

၃။ အကျင့်ဆိုးတွေလုပ်မိစေတဲ့အကြောင်းရင်းကို အရင်သိအောင်လုပ်ပါ


ကိုယ့်မှာရှိတဲ့အကျင့်ဆိုးတွေကို ခဏခဏလုပ်မိပြီးအချိန်ကုန်စေရတဲ့ အကြောင်းရင်းကိုသိဖို့ အရင်ဆုံးတစ်ပတ်လောက် အချိန်ပေးပြီး ကိုယ်လုပ်နေကျအရာတွေကို ဆန်းစစ်ကြည့်ပေးပါ။ ဥပမာ သင်က ဖုန်းသုံးတာများပြီး အချိန်ကုန်မှန်းမသိကုန်သွားတယ်ဆိုရင် မလိုအပ်ဘဲဖုန်းမသုံးမိအောင် အကြောင်းရှိမှသုံးတာ၊ အချိန်သတ်မှတ်ပြီးသုံးတာမျိုးပြုလုပ်ပေးရပါမယ်။

၄။ အစားထိုးနိုင်မယ့် အလေ့အကျင့်ကောင်းတွေရှာဖွေထားပါ


အမူအကျင့်ဆိုးတွေမဖယ်ရှားခင်မှာ နေ့စဉ် ကျန်းမာရေးနဲ့လည်းညီပြီး ကိုယ့်အတွက်အကျိုးရှိစေမယ့် အလေ့အကျင့်ကောင်းတွေ အစားထိုးပြုလုပ်နိုင်အောင်ရှာဖွေထားဖို့လိုပါတယ်။ ဥပမာအနေနဲ့ဆိုရင် တရားထိုင်တာ၊ Journaling လုပ်တာနဲ့ လေ့ကျင့်ခန်းပြုလုပ်ပေးတာတွေက အစားထိုးပြုလုပ်ပေးဖို့ သင့်တော်တဲ့အမူအကျင့်ကောင်းတွေဖြစ်သလို စိတ်ဖိစီးမှုလျော့နည်းစေဖို့လည်းကူညီပေးနိုင်ပါတယ်။

၅။ တိုးတက်မှုရှိမရှိဆန်းစစ်ပေးပါ


သင့်အနေနဲ့ အမူအကျင့်ကောင်းတွေအစားထိုးပြီးချိန်မှာ ကိုယ်ပြောင်းလဲဖြစ်တဲ့အရာတွေကို မှတ်ထားပေးဖို့လည်းမမေ့သင့်ပါဘူး။ ဒါလိုမှတ်ထားတာက သင်လိုချင်တဲ့ Goal တစ်ခုရဖို့ ဆောင်ရန်ရှောင်ရန်လိုအပ်တဲ့အချက်တွေကို ရှင်းရှင်းလင်းလင်းသိစေဖို့ထောက်ပံ့ပေးပါလိမ့်မယ်။

၆။ အကျင့်ရသွားတဲ့အထိ လက်မလျော့ဘဲပြုလုပ်ပေးဖို့မမေ့ပါနဲ့


ကိုယ်လုပ်နေကျအမူအကျင့်တွေကို လုံးဝဖယ်ရှားနိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ သင့်အနေနဲ့ အားမလျော့ဘဲ စိတ်ရှည်ရှည်ထားပြီး ပုံမှန်ပြောင်းလဲပေးသွားဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar