တစ်ခါတစ်ရံမှာ ဗိုက်ခေါက်ထွက်တာ ဗိုက်ပူတာက သင့်ကို နေရထိုင်ရသက်တောင့်သက်သာမရှိဘဲ စိတ်အနှောက်အယှက်ဖြစ်စေတဲ့အပြင် ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း လျော့စေပါတယ်။ တစ်ခုခုသွားခါနီး အင်္ကျီဝတ်လိုက်တဲ့အခါ ဗိုက်ပူနေတာက သင့်ကို ပိုပြီးစိတ်ရှုပ်စေမှာအမှန်ပါပဲ။ များသောအားဖြင့် ဗိုက်ပူတတ်တဲ့အကြောင်းအရင်းတွေက အသင့်စားနဲ့ အချိုများတဲ့ အစားအသောက်တွေစားတာ၊ လေ့ကျင့်ခန်းပုံမှန်မလုပ်တာ၊ အိပ်ရေးမဝတာနဲ့ စိတ်ဖိစီးမှုများတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် Alcohol နဲ့ဆေးလိပ်သောက်တာကြောင့်လည်း ဖြစ်တတ်တာကြောင့် ဒါတွေကိုပါရှောင်နိုင်ရင်အကောင်းဆုံးပါပဲ။

ဗိုက်ချပ်ဖို့ဆိုရင် ကိုယ်တိုင်က အိပ်ချိန်မှန်အောင်ထားပြီး ကျန်းမာတဲ့နေထိုင်မှုပုံစံရှိအောင် ပြောင်းလဲပေးဖို့လိုတာကြောင့် ဒီတစ်ခေါက်မှာ ဗိုက်မှာအဆီစုပြီး ဗိုက်ပူ၊ ဗိုက်ခေါက်ထွက်တဲ့သူတွေ ပြောင်းလဲပြုလုပ်ပေးသင့်တဲ့အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ပီကေခဏခဏမစားသင့်ပါဘူး

Photo Source: Wise Bread

သင်က ဗိုက်လဲပူတတ်တယ် ပီကေလဲစားရတာကြိုက်တယ်ဆိုရင်တော့ မစားဘဲရှောင်ပေးဖို့ အကြံပေးချင်ပါတယ်။ သူ့မှာသကြားပါဝင်မှုလည်းများပြီး စားနေတဲ့အချိန် ဗိုက်ထဲလေဝင်တာများတာကြောင့် ဗိုက်ဖောင်းတာမျိုး ဖြစ်လာတတ်ပါတာကြောင့်ပါ။

၂။ အမြှုပ်ထစေတဲ့ ဆိုဒါအချိုရည်တွေရှောင်ပေးပါ


အမြှုပ်ထတတ်ပြီး ဆိုဒါ Gas ပါဝင်မှုများတဲ့ အချိုရည်အအေးတွေကလည်း ဗိုက်ပူ၊ ဗိုက်ဖောင်းတာတွေ ဖြစ်စေတာကြောင့် ဒါတွေကိုလည်းရှောင်ပေးဖို့မမေ့ပါနဲ့။

၃။ သကြားမပါတဲ့ ဒိန်ချဉ်သောက်ပေးပါ


နို့ထွက်ပစ္စည်းတွေထဲမှာ အရောအနှောမပါတဲ့ ဒိန်ချဉ်တွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင် ဗိုက်ပူတာကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် အချိုရည်တွေအစား သကြားမပါတဲ့ သဘာ၀ ဒိန်ချဉ်တွေကိုသောက်ပေးပါ။

၄။ ရေနွေးကြမ်းထဲ ပက်ပါမင့်ဆီထည့်သောက်ပေးပါ


ဆေးဖက်ဝင်အဆီတစ်မျိုးဖြစ်တဲ့ ပက်ပါမင့်ဆီမှာ Bloating ဖြစ်ပြီး ဗိုက်ပူတာကိုသက်သာစေတဲ့အပြင် အစာခြေစနစ်ကိုပါပံ့ပိုးပေးနိုင်တဲ့ အဆီအနှစ်အာနိသင်တွေပါဝင်ပါတယ်။ ဒါကြောင့် သဘာ၀ ပက်ပါမင့်ဆီအနည်းငယ်ကို ရေနွေးပူထဲထည့်ပြီးသောက်ပေးပါ။ သံပယိုရည်ထည့်ပြီးတော့လည်း သောက်နိုင်ပြီး သံပယိုရည်ရဲ့ ဗီတာမင်စီဓာတ်က သင့်ကို ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ပျယ်စေဖို့ထောက်ပံ့ပေးမှာပါ။

၅။ လှုပ်လှုပ်ရှားရှားနေပါ


အထိုင်များတာ၊ တစ်နေကုန်လှုပ်လှုပ်ရှားရှားမနေတာကလည်း ဗိုက်အဆီစုစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလည်းလုပ်တဲ့အပြင် ကျန်တဲ့အချိန်တွေမှာလည်း တတ်နိုင်သလောက်လှုပ်လှုပ်ရှားရှားနေပေးပါ။ ဥပမာ အကြောလျှော့တာ၊ လမ်းထလျှောက်ပေးတာနဲ့ စက်ဘီးစီးတာတွေပြုလုပ်နိုင်ပါတယ်။

၆။ ရေများများသောက်ပါ၊ ဖြေးဖြေးချင်းစားပါ


စိတ်ဖိစီးမှုများတဲ့သူတွေ အိပ်ရေးမဝတဲ့သူတွေဟာဆိုရင် စိတ်မရှည်ဖြစ်တတ်ပြီး အစားစားတဲ့အခါမှာလည်း ခပ်မြန်မြန်စားမိတတ်ကြပါတယ်။ ဒါက အစာခြေစနစ်ပျက်စီးပြီး အစားစားချိန် လေအဝင်များကာ ဗိုက်ဖောင်းတာ၊ အစာမကြေတာတွေဖြစ်တတ်တာကြောင့် အသက်ပုံမှန်ရှုပြီးမှ ဖြေးဖြေးချင်း ကြေအောင် ဝါးစားပေးဖို့လိုပါတယ်။ ရေသောက်တာကလည်း ကိုယ်တွင်းအပူစင်စေပြီး ဗိုက်အဆီကို လျှော့ချပေးနိုင်တာကြောင့် ရေများများသောက်ပေးဖို့လည်းမမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar