စာဖတ်သူတို့အနေနဲ့ တစ်ခါတစ်ရံ Deadline အမှီ ပြီးအောင်လုပ်ရမယ့်အလုပ်တွေ၊ လေ့လာစရာတွေကြား လုပ်နေရင်း အာရုံစိုက်ရခက်ခဲလာတာ၊ တက်ကြွမှုမရှိဘဲ ငြီးငွေ့လာတာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒီလိုဖြစ်လာတဲ့အခါ စိတ်ဖိအားမများဘဲ ပေ့ါပေါ့ပါးပါးနဲ့ အလုပ်ထဲပြန် အာရုံစိုက်နိုင်ဖို့ အပြောင်းအလဲ လုပ်ပေးသင့်တဲ့ အရာတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။ ဒီနည်းတွေက သင့်ကို အလုပ်လုပ်တဲ့အခါ Motivation ပိုရပြီး အချိန်မှီအလုပ်ပြီးစေဖို့ ကူညီပေးနိုင်မှာပါ။

၁။ ကိုယ့်ပတ်ဝန်းကျင်ကို အလုပ်လုပ်လို့ကောင်းတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲပါ

အလုပ်လုပ်တဲ့ပတ်ဝန်းကျင်က ရှုပ်ပွပြီးကြည့်ရဆိုးနေတဲ့အခါ သင့်စိတ်ကလည်းပိုပြီး နောက်ကျိလာတတ်ပါတယ်။ ဒါကြောင့် အလုပ်ခုံ၊ စာကြည့်စားပွဲ စတာတွေပေါ်မှာ မလိုအပ်တာတွေကိုရှင်းပြီး လေဝင်လေထွက်ကောင်းတဲ့နေရာတစ်ခုဖြစ်အောင်ပြောင်းလဲပေးပါ။ ဒါက သင့်ကိုပိုအာရုံစိုက်နိုင်ဖို့ကူညီပေးပါလိမ့်မယ်။

၂။ အလုပ်ပြီးသွားတဲ့အခါ ကိုယ့်ကိုယ့်ကိုယ်ဆုချဖို့ ကြိုတွေးထားပါ

အလုပ်တစ်ခုပြီးသွားတဲ့အခါ ကိုယ့်ကိုယ့်ကိုယ်ပြန်ဆုချတာက အကောင်းဆုံး Motivation တွေထဲကတစ်ခုပါပဲ။ ဒါက သင့်အတွက် အချိန်ကြာတယ်လို့မထင်ရဘဲ အလုပ်မြန်မြန်ပြီးစေမယ့်အပြင် ကိုယ့်ကိုယ့်ကိုယ် အသိအမှတ်ပြုပေးရာရောက်တာကြောင့် သင့်ကိုပိုစိတ်ကျေနပ်ပျော်ရွှင်စေမှာပါ။

၃။ စိတ်ငြိမ်အောင်တရားပုံမှန်ထိုင်တာမျိုးပြုလုပ်ပေးပါ

အလုပ်လုပ်နေတုန်း အာရုံမရတော့တဲ့အခါ စိတ်ကိုအနားပေးပြီး တရားထိုင်တာ၊ အသက်ရှုလေ့ကျင့်ခန်း လုပ်ပေးတာမျိုးတွေကလည်း သင့်စိတ်ကိုပြန်လည်စုစည်းနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

၄။ အချိန်အပိုင်းအခြား သတ်မှတ်ပြီးအလုပ်လုပ်ပါ

ငြီးငွေ့စရာကောင်းအောင် အချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ်တာမျိုးထက် နားချိန်နဲ့ အလုပ်လုပ်ချိန်တွဲပြီး သတ်မှတ်ပေးထားက သင့်ကိုအလုပ်လုပ်ရတာ အရမ်းပင်ပန်းတယ်လို့မခံစားရဘဲ ပေါ့ပေါ့ပါးပါးဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် အလုပ်လုပ်တဲ့အခါ Timer မှတ်ထားပြီး မိနစ် ၃၀ ခန့်အလုပ်လုပ်ပြီးတိုင်း ကြားထဲမှာ ၅ မိနစ်လောက်နားတာမျိုးပြုလုပ်ပေးပါ။

၅။ ရလဒ်ကိုတွေးပြီး အာရုံစိုက်ပါ

အလုပ်တစ်ခုပြီးတဲ့အခါ ကိုယ့်အတွက်ရလာမယ့် နောက်ဆက်တွဲရလဒ်ကို တွေးပြီးအာရုံစိုက်ပေးတာကလည်း အလုပ်ပိုပြီးစေဖို့ စိတ်အင်အားတစ်ခုပါပဲ။ ဥပမာအနေနဲ့ ဒါလုပ်ပြီးတဲ့နောက် စာမေးပွဲအတွက် ရလဒ်ပိုကောင်းနိုင်တယ်၊ ရာထူးတိုးနိုင်တယ်စတဲ့ ကိုယ့်အတွက်ရလာမယ့် အကျိုးတွေကို အာရုံစိုက်ထားတာက သင့်ကိုအာရုံမများဘဲ လိုချင်တဲ့ Goal ဆီရောက်ဖို့ပိုလွယ်ကူစေပါလိမ့်မယ်။

၆။ ဘဝမှာလုပ်ဖူးချင်တဲ့အရာတွေအကြောင်း စိတ်ကူးယဉ်ကြည့်ပါ

တစ်ခါတစ်ရံအလုပ်များလို့ ငြီးငွေ့လာတဲ့အခါ ကိုယ်လုပ်ဖူးချင်တဲ့အရာ၊ အလည်သွားချင်တဲ့နေရာစတဲ့ ကိုယ်လုပ်ဖူးချင်တဲ့အရာတွေအကြောင်းတွေးကြည့်တာကလည်း သင့်ကို Stress ပြေပြီး ပြန်လည်စိတ်တက်ကြွစေလာဖို့ ကူညီပေးနိုင်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar