ယနေ့ခေတ်မှာ မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းများ ပိုင်ဆိုင်ထားခြင်းက ရှားပါးရတနာတစ်မျိုး ပိုင်ဆိုင်ထားတာနဲ့ တူပါတယ်။ မိတ်ဆွေပေါများခြင်းက ကောင်းတဲ့အချက်ဆိုပေမယ့် ထိုမိတ်ဆွေတွေထဲမှာ မိတ်ဆွေအတုအယောင်တွေ မပါဖို့တော့ သေချာစီစစ်သင့်ပါတယ်။

နောက်ကျော ဓားထိုးခံရတဲ့အဖြစ်မျိုး လူယုံသတ်လို့ သေရတဲ့အဖြစ်မျိုး မကြုံချင်ပါက မိတ်ဆွေအတုများကို အစကတည်းက ရှောင်ကြဉ်ဖို့လိုပါတယ်။

သင့်ကို မနာလိုပြီး ဂျေကိုက်နေတဲ့ မိတ်ဆွေအတုများကို ဘယ်လိုခွဲခြားသိနိုင်မလဲ။

သင့်ကို ချီးမွမ်းသလိုလိုနဲ့ ကဲ့ရဲ့မယ်

Photo: Teentalkindia.com

ဥပမာ သင်က ကုမ္ပဏီကောင်းကောင်းတစ်ခုမှာ အလုပ်ရသွားတယ် ဆိုကြပါစို့။ ဒီအချိန်မှာ သင့်သူငယ်ချင်းက “ကောင်းတာပေါ့။ အလုပ်ရသွားတဲ့အတွက် ကွန်ကရက်ကျူလေးရှင်းပါ။ ဒါပေမဲ့ အဲ့ကုမ္ပဏီက အတွေ့အကြုံမရှိတဲ့သူတွေကို အလုပ်ခန့်တာမျိုးက ခပ်ရှားရှားရယ်” ဆိုပြီး မြှောက်ပင့်သလိုလိုနဲ့ ကဲ့ရဲ့တဲ့သူမျိုးကို ရှောင်ကြဉ်ရပါမယ်။

သင် ပြုလုပ်ခဲ့ဖူးတဲ့အမှားကို ခဏခဏ ထောက်ပြတတ်တယ်

Photo: Thestatesman.com

နှစ်ပေါင်းများစွာက သင် ပြုလုပ်ခဲ့ဖူးတဲ့ အမှားတစ်စုံတစ်ရာ (သို့) အရှက်ရစရာတစ်ခုခုကို ထပ်ခါတလဲလဲ ဟာသပြောသလိုလို ပါးစပ်အရသာခံပြီး ပြောနေတတ်တဲ့သူကလည်း သင့်ရဲ့ သူငယ်ချင်းကောင်းမဟုတ်ပါဘူး။ သူတို့က သင့်ရဲ့ကျရှုံးမှုကို ကြိတ်ဝမ်းသာနေတဲ့သူတွေပါ။

သင့်အနား မနေချင်တဲ့သူတွေ

Photo: Freepik.com

သူငယ်ချင်းတွေနဲ့ မတွေ့ရတာကြာလို့ ခဏခဏ ချိန်းပေမယ့် အကြောင်းမျိုးစုံပြပြီး ရှောင်တတ်တဲ့သူမျိုး ကြုံဖူးပါလိမ့်မယ်။ အမှန်တကယ် မအားတဲ့သူတွေလည်း ရှိပေမယ့်လည်း အကြောင်းမျိုးစုံပြပြီး ရှောင်နေတတ်တဲ့သူတွေကတော့ သင်က လွဲပြီး တခြားသူငယ်ချင်းများနဲ့ သွားလာပျော်ပါးနေတာကို မြင်တွေ့ရပါလိမ့်မယ်။

သင့်ကို မျက်ခြေမပြတ် စောင့်ကြည့်တတ်ကြတယ်

သင့်အပေါ်မှာ မနာလို ဝန်တိုစိတ်ရှိသူများက သင့်အနားက ဝေးဝေးရှောင်နေတတ်ကြသလို တချို့ကျတော့လည်း သင့်အနားမှာ စက္ကန့်တိုင်း မိနစ်တိုင်းမှာ မျှော့လို တွယ်ကပ်နေတတ်ကြတယ်လို့ သုတေသနအချို့က ဖော်ပြထားကြပါတယ်။

သူတို့ သင် ဘာလုပ်နေမလဲကို အမြဲတမ်း စောင့်ကြည့်နေတတ်ကြပြီး သူတို့ထက် သာသွားမှာ ကျောသွားမှာကို မလိုလားကြပါဘူး။ ကြာလာရင် သင်ကိုယ်တိုင်လည်း မွန်းကြပ်မှုကိုခံစားရပါလိမ့်မယ်။

သင့် မကောင်းကြောင်း ပြောတတ်ကြတယ်

Photo: Girlslife.com

သင့်ရဲ့ရှေ့မှာတော့ ချီးမွမ်းခန်းတွေကို တစ်ထောင့်တစ်ညပုံပြင်လို ရေပက်မဝင်အောင် ပြောပြီး သင့်နောက်ကွယ်မှာတော့ မကောင်းကြောင်းတွေကို အားရပါးရပြောတတ်တဲ့သူမျိုးကိုလည်း သူငယ်ချင်းစာရင်းထဲက ဖယ်ရှားသင့်ပါတယ်။

သင့်ရဲ့စိတ်အားထက်သန်မှုကို ရိုက်ချိုးပစ်တတ်ကြတယ်

Photo: Lovepanky.com

သင်က သင့်ရဲ့အောင်မြင်မှုကို ဝမ်းသာအဲလဲနဲ့ ဝေမျှနေတဲ့အချိန်မှာ သင့်သူငယ်ချင်းက မကောင်းမြင်စိတ်နဲ့ “ဒါမျိုးဆိုတာ ပြောဖို့စောပါသေးတယ်။ စောင့်ကြည့်ပါဦး” စသည်ဖြင့် သင့်အပေါ်မှာ မရှုစိမ့်တော့ဘဲ သူ့ကို ကျောသွားမှာကို မခံနိုင်တတ်ကြပါဘူး။ သင့်ရဲ့အောင်မြင်ချင်စိတ်၊ ကြိုးစားချင်စိတ်ကို နည်းအမျိုးမျိုးနဲ့ ရိုက်ချိုးပြီး သူတို့ကတော့ သင့်နောက်ကွယ်မှာ တိတ်တိတ်ကလေး ကြိုးစားနေတတ်ကြပါတယ်။

စာဖတ်သူတို့မှာ အခုလိုသူငယ်ချင်းမျိုးနဲ့ တွေ့လာခဲ့သည်ရှိသော် ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်လိုက်ကြပါတော့။

Source: Brightside.me