ခင်မင်မှုသံယောဇဉ်ဆိုတာ လူသားတိုင်းအတွက် အရေးပါတဲ့ဘဝအစိတ်အပိုင်းတစ်ခုပါပဲ။ သင့်ဘေးမှာရှိတဲ့ သူငယ်ချင်းကောင်းတွေနဲ့ စစ်မှန်တဲ့ခင်မင်မှုတစ်ခု တည်ဆောက်ထားနိုင်ခြင်းက ဘဝပျော်ရွှင်မှုအတွက်များစွာ အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမယ့် အချို့သောခင်မင်မှုအတုအယောင်တွေကတော့ သင့်ကို စိတ်ရောကိုယ်ပါပင်ပန်းစေနိုင်တာကြောင့် ဒီလိုအဆိပ်အတောက်ဖြစ်စေတဲ့သူငယ်ချင်းတွေရဲ့ အဝေးမှာ နေထိုင်နိုင်ဖို့ ပြုလုပ်ပေးရမယ့်အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ မှန်ကန်တဲ့အကြောင်းပြချက်တွေရှိဖို့လိုပါတယ်

ကိုယ်နဲ့ရင်းနှီးခဲ့သူတစ်ယောက်ကို ဘဝထဲကထုတ်လိုက်ဖို့ဆုံးဖြတ်တဲ့အခါ သင့်မှာလုံလောက်တဲ့ အကြောင်းပြချက်ကောင်းကောင်းတွေရှိဖို့လိုပါတယ်။ ခဏတာစိတ်ဝမ်းကွဲရုံနဲ့ အလွယ်တကူ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းမျိုးမဟုတ်ဘဲ ကိုယ့်ဘဝအတွက် ဒီလိုသူငယ်ချင်းမျိုးကိုရှင်းထုတ်သင့်တဲ့အကြောင်းအရင်းကို စိတ်အေးအေးထားပြီး အရင်ဆုံးစဉ်းစားပေးသင့်ပါတယ်။

၂။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို လက်ခံယုံကြည်ပါ

ဆက်ဆံရေးတစ်ခုကိုဖြတ်တောက်ရတဲ့အခါ တစ်ပါးသူအပေါ် အပြစ်ရှိတဲ့ခံစားချက်တွေနဲ့ ရောထွေးနေတတ်တာက မိတ်ဆွေအတုအယောင်တွေကို ရှင်းထုတ်နိုင်ဖို့ဆုံးဖြတ်ရခက်စေပါတယ်။ ဒါပေမယ့် သင်ဘယ်လောက်ပဲ နားလည်ပေးပါစေ မိတ်ဆွေတုတွေကတော့ နောက်ကွယ်မှာသင့်မကောင်းကြောင်းကိုပဲ ဆက်ပြောနေမှာပါ။ ဒါကြောင့် သင့်အတွက်ဖိအားနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့သူတွေကို အဆက်အသွယ်ဖြတ်မယ့် ဆုံးဖြတ်ချက်အတိုင်းဆက်လုပ်ဖို့လိုပါတယ်။

၃။ အချင်းချင်းဆက်သွယ်မှုကိုလျော့ချပါ

ဘဝအတွက်အဆိပ်အတောက်ဖြစ်စေတဲ့ မိတ်ဆွေတုတွေနဲ့ သင့်အချိန်တွေကိုအဆုံးရှုံးမခံသင့်တာကြောင့် အပြန်အလှန်ဆက်သွယ်မှုတွေကို တတ်နိုင်သလောက်လျှော့ချဖို့လိုပါတယ်။ သင့်အပေါ် အလေးထား ဆက်ဆံတဲ့သူတွေနဲ့သာ သင့်ဘေးမှာ ဝန်းရံထားဖို့လိုပါတယ်။ ဒါကြောင့် သူတို့ကိုကိုယ့်ဘက်ကစမခေါ်ဘဲ မေးထူးခေါ်ပြောအနေနဲ့သာထားပါ။

၄။ စိတ်ဝင်စားတဲ့လှုပ်ရှားမှုတွေမှာပါဝင်ပါ

သင့်ဘေးက မကောင်းတဲ့သူတွေဆီကရုန်းထွက်နိုင်ဖို့အတွက် စိတ်တူကိုယ်တူဖြစ်စေမယ့် သူငယ်ချင်းမိတ်ဆွေ အသစ်တွေနဲ့တွေ့ဆုံဖို့လိုပါတယ်။ သင်ဝါသနာပါတဲ့သင်တန်း ဒါမှမဟုတ် Social Media တွေကနေတစ်ဆင့် ကိုယ်နဲ့အကြိုက်တူတဲ့သူတွေကိုရှာဖွေပြီး အတွေ့အကြုံနဲ့ ဝါသနာတွေအကြောင်းကိုမျှဝေကြည့်ပါ။ ဒီလိုပြုလုပ်ရင်းနဲ့လည်း ကိုယ်အပေါ်ကောင်းတဲ့မိတ်ဆွေတွေကိုရှာတွေ့သွားနိုင်ပါတယ်။

၅။ တိုက်ရိုက်ပြောပြဖို့ပြင်ဆင်ပါ

သင့်အနေနဲ့ ကိုယ့်ကိုစိတ်ဒုက္ခဖြစ်စေတဲ့မိတ်ဆွေတွေနဲ့မဆက်သွယ်ဖို့ဆုံးဖြတ်ပြီးတဲ့နောက်မှာ တတ်နိုင်သလောက် ကိုယ့်ရဲ့သဘောထားကို ပွင့်ပွင့်လင်းလင်းပြောပြနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် အချိန်ကြာတာနဲ့အမျှ အရင်လိုကိုယ့်အနားကို ပြန်ရောက်လာနိုင်ပါတယ်။ သင်အနေနဲ့ ခင်မင်မှုကို ရပ်တန့်ချင်တဲ့အကြောင်း တိုက်ရိုက်ပြောပြလိုက်ခြင်းက သူတို့ကြောင့် လေးလံနေတဲ့ သင့်ရဲ့စိတ်ကိုလည်းပေါ့သွားစေပါလိမ့်မယ်။

၆။ စိတ်မပြောင်းသွားဖို့လိုပါတယ်

မိတ်ဆွေတုတွေနဲအဆက်အသွယ်ဖြတ်ပြီးတဲ့နောက်မှာ သင့်အနေနဲ့ဒီလိုအခြေအနေကိုဆက်ထိန်းထားနိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ်တိုင်ကအာရုံမထားဘဲ ထပ်မပတ်သက်မိအောင်နေမှ သူတို့ဆီက မကောင်းတဲ့လွှမ်းမိုးမှု၊ အဆိုးမြင်စိတ်တွေရဲ့ဝေးဝေးမှာနေနိုင်မှာဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar