သင်ကကိစ္စတစ်ခုအပေါ်မှာ ခဏခဏစိတ်မချဖြစ်ပြီး အတွေးများတတ်တဲ့သူ ဒါမှမဟုတ် စိုးရိမ်စိတ်များတဲ့သူ ဆိုရင်တော့ ဒီအကြောင်းအရာကသင့်အတွက်ပါပဲ။ များသောအားဖြင့် အလွန်အမင်းစိတ်ရှုပ်ထွေးပူပန်တတ်တဲ့ ဖြစ်စဉ်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးစေတဲ့ပတ်ဝန်းကျင်မှာနေထိုင်ရသူတွေနဲ့ ငယ်စဉ်က စိတ်ဒဏ်ရာရှိခဲ့တဲ့သူတွေမှာ အဖြစ်များတတ်ပါတယ်။ စိုးရိမ်ပူပန်လာတဲ့အခါမှာ အသက်ရှုရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အစာချေဖျက်မှုခက်ခဲခြင်းစတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

သင့်အနေနဲ့ စိတ်ပူပန်ခြင်းကို ကုစားနိုင်ဖို့ကိုယ်တိုင်ပြုလုပ်နိုင်တဲ့အရာတွေရှိပါတယ်။ ဒါကြောင့်ဒီတစ်ခေါက်မှာ စိုးရိမ်ပူပန်စိတ်များတဲ့သူတွေ စိတ်တည်ငြိမ်မှုပြန်လည်ရရှိအောင် ပြုလုပ်သင့်တဲ့အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ငြိမ်စေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်ပေးပါ

စိုးရိမ်သောကတွေကိုလျှော့ချနိုင်ဖို့ နေ့စဉ်ပြုလုပ်ပေးရမယ့်အရာတွေထဲကတစ်ခုကတော့ စိတ်ကိုအနားပေးတဲ့ လေ့ကျင့်ခန်းအချို့ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဥပမာ တရားထိုင်တာ ယောဂကျင့်တာနဲ့ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်တာတွေက စိတ်တည်ငြိမ်စေဖို့ အထောက်အကူပြုတာကြောင့် နေ့စဉ် (၁၅) မိနစ်လောက်အချိန်ပေးပြီး ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

၂။ ရေနွေးသောက်သုံးပါ

လက်ဖက်ခြောက်အမျိုးအစားတော်တော်များများမှာ အာရုံကြောစနစ်ကိုပံ့ပိုးပေးပြီး စိတ်ငြိမ်စေတဲ့အာနိသင်တွေ ပါဝင်တာကြောင့် စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။ သင့်အနေနဲ့ ဦးနှောက်ကြည်လင်ပြီး စိတ်ဖိစီးမှုကင်းစေဖို့အတွက် လက်ဖက်ရည်၊ ရေနွေးကြမ်း ခပ်ပူပူကို အနားယူတဲ့အချိန်တွေမှာ ပုံမှန်သောက်သုံးပေးဖို့လိုအပ်ပါတယ်။

၃။ မှန်ကန်တဲ့အစားအသောက်တွေစားသုံးပါ

တစ်ခါတစ်ရံမှာ အစားအသောက်အမှားတွေကလည်း စိတ်ပူပန်မှုဖြစ်အောင် လှုံ့ဆော်ပေးနိုင်တာကြောင့် သတိထားဖို့လိုပါတယ်။ စိတ်ဖိစီးမှုများတဲ့ဘဝနေထိုင်မှုကနေခွဲထွက်နိုင်ဖို့ အသင့်စား စားသောက်ကုန်တွေ ဆီကြော်မုန့်တွေနဲ့ အချိုများတဲ့အစားအစာကိုရှောင်ပြီး ကျန်းမာရေးနဲ့ညီညွတ်စေမယ့် အစားအသောက်တွေကိုသာ ရွေးချယ်စားသုံးပေးသင့်ပါတယ်။

၄။ အိပ်ချိန်မှန်ဖို့လိုပါတယ်

အိပ်ရေးပျက်ခြင်းက သင့်ကိုအတွေးများစေပြီး စိတ်ရှုပ်ထွေးခြင်းကိုပုံမှန်ထက်ပိုခံစားရစေနိုင်ပါတယ်။ ပုံမှန်အိပ်ချိန်သတ်မှတ်ပေးတာက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွနေဖို့အားဆေးတစ်ခုပါပဲ။ ဒါကြောင့်တစ်နေ့ကိုပျမ်းမျှ ၇ နာရီပြည့်အောင်အိပ်စက်ပေးသင့်ပါတယ်။

၅။ လေ့ကျင့်ခန်းပုံမှန်လုပ်ကြည့်ပါ

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ Endorphin လို့ခေါ်တဲ့ပျော်ရွှင်မှုဟော်မုန်းတစ်မျိုးထုတ်လွှင့်နိုင်တာကြောင့် စိတ်ပူပန်မှုတွေလျှော့ချဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ပြေးခြင်း၊ လမ်းလျှောက်ခြင်းနဲ့ Cardio လေ့ကျင့်ခန်းအစရှိတဲ့ ကိုယ်နဲ့အဆင်ပြေစေမယ့် လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းတွေကို တစ်နေ့မှာ နာရီဝက်ခန့်အချိန်ပေးပြီးပြုလုပ်ပေးသင့်ပါတယ်။

၆။ ကိုယ်နှစ်သက်တဲ့အရာတစ်ခုကို နေ့စဉ်ပြုလုပ်ပေးပါ

ကိုယ်နှစ်သက်တဲ့အရာတွေအတွက်အချိန်ပေးတာက တစ်နေ့တာရဲ့ စိတ်ဖိစီးမှုတွေကို သိသိသာသာ လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့လုပ်ငန်းတာဝန်တွေပြီးသွားတဲ့အချိန်မှာ ကိုယ်ဝါသနာပါတဲ့အရာ (သို့) စိတ်အပန်းပြေစေမယ့်အရာတစ်ခုကို အချိန်အနည်းငယ်ပေးပြီးပြုလုပ်ကြည့်ပါ။

Photo Source: Pinterest

By MyStyle Myanmar