မိတ်ကပ်လိမ်းပြီးလို့ မှန်ကြည့်လိုက်တဲ့အခါ မိတ်ကပ်သားက အသားအရေနဲ့တစ်သားတည်း မဖြစ်ဘဲ အရမ်းထူပြီး ခြောက်ကပ်နေတယ်လို့ခံစားရရင်တော့ ကိုယ်သုံးတဲ့အောက်ခံမိတ်ကပ်ကို ပြန်လည်ဆန်းစစ်ပေးဖို့လိုနေပါပြီ။ ကိုယ်နဲ့အဆင်မပြေတဲ့ အောက်ခံမိတ်ကပ်တွေ သုံးမိတာက သင့်ကိုကြည့်ရဆိုးစေတဲ့အပြင် အသားအရေကိုပါပျက်စီးစေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာ အသားအရေနဲ့ အောက်ခံမိတ်ကပ်သား တစ်ထပ်တည်းဖြစ်ပြီး တစ်နေကုန်နီးပါး သဘာဝဆန်ဆန်လှနေစေဖို့ Foundation မလိမ်းခင်နဲ့ လိမ်းတဲ့အချိန်တွေမှာ သတိထားပေးသင့်တဲ့အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

၁။ Skin အမျိုးအစားနဲ့ကိုက်ညီဖို့အရေးကြီးပါတယ်

Photo Source: Best Beauty Tips

ကိုယ့် Skin Type နဲ့ကိုက်ညီတဲ့ အောက်ခံမိတ်ကပ်မျိုးသုံးဖို့က အရေးအကြီးဆုံးပါပဲ။ အသားခြောက်တဲ့သူက ရေဓာတ်ပါဝင်တဲ့ မိတ်ကပ်သားစိုစိုတွေသုံးဖို့လိုပြီး Oily ဖြစ်တဲ့သူတွေကတော့ အဆီပြန်တာကိုထိန်းပေးနိုင်မယ့် Foundation တွေကိုရွေးချယ်အသုံးပြုပေးသင့်ပါတယ်။

၂။ Exfoliate ပုံမှန်လုပ်ဖို့လည်းလိုပါတယ်


မိတ်ကပ်သား စိမ့်ဝင်အားကောင်းပြီး အသားအရေကြည်လင်နေဖို့ Exfoliate ပုံမှန်လုပ်ပြီး ဆဲလ်သေတွေဖယ်ရှားပေးဖို့လိုပါတယ်။ မကြာခဏမိတ်ကပ်လိမ်းဖို့လိုတဲ့သူတွေအနေနဲ့ တစ်ပတ်တစ်ခါ ဒါမှမဟုတ် နှစ်ခါလောက် Exfoliate လုပ်ပေးပါ။ ဖုန်၊ အညစ်အကြေးနဲ့ အသားအရေမွဲခြောက်ခြင်းကင်းတဲ့ အသားအရေကိုရရှိစေပါလိမ့်မယ်။

၃။ Moisturizer သေချာလိမ်းပြီးမှ Foundation လိမ်းသင့်ပါတယ်


မိတ်ကပ်မလိမ်းခင် ကိုယ့်အသားအရေနဲ့ကိုက်မယ့် Moisturizer တစ်မျိုးကိုပုံမှန်လိမ်းပေးဖို့လည်း မမေ့သင့်ပါဘူး။ အစိုဓာတ်ဖြည့်တင်းထားတဲ့အခါ အောက်ခံမိတ်ကပ်လိမ်းပြီးနောက် အသားခြောက်ခြင်းတွေ မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။ အမြဲအစိုဓာတ်ပြည့်ပြီး တင်းရင်းနေတဲ့အသားအရေရဖို့ Moisturizer ကို မိတ်ကပ်မလိမ်းထားတဲ့အချိန်တွေမှာလည်း Skincare အနေနဲ့နေ့စဉ်ပုံမှန်လိမ်းပေးနိုင်ရင် အကောင်းဆုံးပါပဲ။

၄။အရောင်အရမ်းဖြူတဲ့ Creamy Foundation တွေထက် Matte တွေကိုပိုရွေးချယ်ပေးပါ


အသားအရမ်းခြောက်တဲ့သူတွေကလွဲလို့ ကျန်တဲ့ Skin Type ရှိသူတွေအနေနဲ့ အဆီပြန်ပြီး အရောင်အရမ်းဖြူထွက်စေတဲ့ Creamy အမျိုးအစားတွေထက် မိတ်ကပ်သားညက်စေမယ့် Matte ဖြစ်တဲ့ Foundation တွေကိုပိုပြီးရွေးချယ်အသုံးပြုပေးသင့်ပါတယ်။ အရည်ရွှဲတဲ့ Foundation တွေက တစ်ခါတစ်ရံမှာ သင့်ကို မိတ်ကပ်သားထူပုံပေါက်စေတာကြောင့်ဖြစ်ပါတယ်။

၅။ ခပ်ပါးပါးပဲလိမ်းပေးပါ


Foundation များများသုံးလေ မိတ်ကပ်သားပိုထူပြီး မညီမညာဖြစ်တတ်တာကြောင့် ကိုယ်သုံးတဲ့ပမာဏကို ချိန်ဆတတ်ဖို့လည်းအရေးကြီးပါတယ်။ Foundation များများသုံးမိတာကိုရှောင်နိုင်ဖို့ အရင်ဆုံး မျက်နှာကို မိတ်ကပ်အနည်းငယ်အရင်တို့ပေးပြီး ကိုယ်လိုသလောက် ဖြေးဖြေးချင်းဆီထပ်လိမ်းပေးပါ။

၆။ Powder အနည်းငယ်သုံးပြီး မိတ်ကပ်သားညီအောင်ပြုလုပ်ပေးပါ


Foundation သုံးပြီးနောက် အဆီပြန်တာ၊ မိတ်ကပ်ထူတာနဲ့ မညီတာတွေကို Setting Powder အနည်းငယ်သုံးပြီးလိုက်ညှိပေးပါ။ Powder အသုံးများတဲ့အခါမှာလည်း မိတ်ကပ်သားခြောက်ကပ်ပြီး ထူလာစေတာကြောင့် အဆီပြန်တဲ့နေရာတွေမှာသာ အနည်းငယ်ဖြည့်လိမ်းပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar