ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ၂၀၂၂ နှစ်သစ်ကိုရောက်လာပြီဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Lifestyle ကိုလည်း အရင်နှစ်ထက်ပိုကောင်းအောင် ပြောင်းလဲပစ်ဖို့လိုလာပါပြီ။ ပျိုမေတို့ရဲ့ မနက်ခင်းအချိန်တွေမှာ ပြုလုပ်တတ်တဲ့ အမူအကျင့်တွေက တစ်နေ့တာလုံးကျန်းမာပြီး စိတ်ကြည်လင်နေဖို့ဆုံးဖြတ်ပေးနိုင်တာဖြစ်လို့ ဒီတစ်ခေါက်မှာ ကျန်းမာလှပတဲ့ နှစ်သစ်ကိုပိုင်ဆိုင်ဖို့ နှစ်ဟောင်းမှာထားခဲ့သင့်တဲ့ မနက်ခင်းအလေ့အကျင့်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင်လုပ်မိနေတဲ့အချက်တွေရှိရင်လည်း ပြန်လည်ပြုပြင်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။

၁။ Alarm ပေးပြီးပြန်အိပ်တာကိုရှောင်ပါ


တော်တော်များများက မနက်ပိုင်းမှာ Alarm မြည်တာနဲ့ထလေ့မရှိကြပါဘူး။ ဒါပေမယ့် ဒီလို ချက်ချင်းမထဘဲ ပြန်အိပ်တာက စိတ်ရောကိုယ်ပါ လန်းလန်းဆန်းဆန်းမရှိဘဲ အိပ်ရေးပျက်ပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားရစေပါတယ်။ ဒါကြောင့် Alarm ပေးတဲ့အခါ ကိုယ်ထနိုင်လောက်မယ့်အချိန်မျိုးကိုသာ ပေးထားသင့်ပြီး တစ်ခါထဲ ထနိုင်အောင်လေ့ကျင့်ပေးသင့်ပါတယ်။

၂။ Coffee ချက်ချင်းမသောက်ပါနဲ့


အိပ်ရာနိုးနိုးချင်း Coffee နေ့တိုင်းသောက်တာမျိုးကိုရှောင်ပြီး တစ်ခါတစ်လေမှသာ သောက်သင့်ပါတယ်။ ကဖင်းဓာတ်အလွန်အကျွံမှီဝဲတာက ရေရှည်အတွက်မကောင်းပါဘူး။ သင့်ကို အိပ်မရတာ၊ စိုးရိမ်စိတ်များတာနဲ့ စိတ်အပြောင်းအလဲမြန်တာတွေဖြစ်စေပါလိမ့်မယ်။

၃။ မနက်စာပုံမှန်စားပေးသင့်ပါတယ်


မနက်စာမစားတာကလည်း မနက်ပိုင်းမှာရှောင်သင့်တဲ့ အလေ့အကျင့်တွေထဲကတစ်ခုပါပဲ။ မနက်စာရှောင်လို့ ဝိတ်မကျပါဘူး။ အဲ့ဒီအစား စားသောက်မှုပုံစံပျက်ပြီး အစားများလာတာ၊ အဝလွန်တာနဲ့ နှလုံးရောဂါအထိ ဖြစ်တတ်ပါတယ်။ လေ့လာမှုတွေအရ မနက်စာပုံမှန်စားတဲ့သူတွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေရစေပြီး အဆီနဲ့ ကိုလက်စထရောကိုပါလျှော့ချပေးနိုင်ပါတယ်။

၄။ မလှုပ်မရှားဘဲနေတာမျိုးကိုရှောင်ပေးပါ


မနက်ပိုင်းမှာ အားကစားလုပ်တာနဲ့ လှုပ်လှုပ်ရှားရှားနေတာက ကျန်းမာရေးကောင်းစေတဲ့အပြင် သင့်ဝိတ်ကိုထိန်းထားနိုင်ပြီး တစ်နေ့လုံးစိတ်ရောကိုယ်ပါလန်းဆန်းနေစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် နှစ်သစ်မှာ မနက်တိုင်း အကြောလျှော့ပေးပြီး အနည်းဆုံး မိနစ် ၃၀ ခန့်လှုပ်လှုပ်ရှားရှားနေပေးဖို့ အကြံပေးချင်ပါတယ်။

၅။ ရေမသောက်ဘဲမနေပါနဲ့


ရေပုံမှန်သောက်ပေးတာက မျက်တွင်းညိုမဲခြင်းနဲ့အသားခြောက်ခြင်းကိုသက်သာစေပြီး အသားအရေ စိုပြေနေစေပါတယ်။ ခေါင်းကိုက်ခြင်းကိုသက်သာစေပြီး သွေးလည်ပတ်မှုလည်းကောင်းစေတာကြောင့် မနက်ပိုင်းမှာ ကော်ဖီအစား ရေနှစ်ခွက်လောက်ပုံမှန်သောက်ပေးဖို့လိုပါတယ်နော်။

၆။ အိပ်ရာနိုးနိုးချင်း ဖုန်းသုံးတာကိုလည်းရှောင်ဖို့လိုပါတယ်


လူအများစုက နေ့စဉ် အိပ်ရာနိုးပြီး ၁၅ မိနစ်အတွင်းမှာပဲ အရင်ဆုံး ဖုန်းကြည့်တတ်ကြပါတယ်။ ဒါက မသိမသာနဲ့ အချိန်ကုန်သွားစေတဲ့အပြင် တစ်နေ့တာလုပ်ငန်းစဉ်တွေကိုလမ်းလွှဲစေပြီး သင့်ရဲ့တွေးခေါ်နိုင်စွမ်းကို အားနည်းသွားစေပါတယ်။ ဒါကြောင့် ဖုန်းသုံးမယ့်အစားလှုပ်လှုပ်ရှားရှားနဲ့ လမ်းထွက်လျှောက်တာမျိုးပြုလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar