အလှပြင်တဲ့အခါ ကိုယ့်အသက်အရွယ်နဲ့လိုက်ဖက်တဲ့ မိတ်ကပ် ပြင်ဆင်မှုကို ပြင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အသက် 50 ကျော် အမျိုးသမီးတွေ သတိပြုနိုင်ဖို့အတွက် မှားတတ်တဲ့ အမှားတစ်ချိုကို ဝေမျှပေးချင်ပါတယ်။

တော်တော်များများလုပ်မိတဲ့ ပထမဆုံးအမှားက မိတ်ကပ်မလိမ်းခင် Moisturizer မလိမ်းတာပါ။ အပြစ်အနာအဆာကင်းတဲ့ မိတ်ကပ်အသွင်အပြင်ကို လိုချင်ရင် ဒါက မဖြစ်မနေလုပ်ရမှာပါ။ ဒါမှ Foundation လိမ်းတဲ့အခါ ညီပြီး Coverage က တသမတ်တည်းဖြစ်နေမှာပါ။

မျက်ခုံးက အလှပြင်တဲ့အခါ ချန်ထားလို့မရတဲ့အရာမလို့ မဖြစ်မနေဆွဲပေးပါ။ မျက်ခုံးဆွဲတဲ့အခါ ဘယ်ခေတ်ရေစီးကြောင်းကိုမှ မလိုက်ဘဲ သဘာဝအတိုင်းဖြစ်နေအောင် ဆွဲပေးပါ။

Eyeshadow ခြယ်တဲ့အခါ သဘာဝအသားအရေနဲ့ ဆင်တူတဲ့အရောင်ကို သုံးပါ။ အကောင်းဆုံးကတော့ Eyeshadow သုံးဖို့စီစဉ်ထားရင် Eyelid Primer ကိုသုံးပါ။ ဒါမှမဟုတ် Concealer ကိုလည်း သုံးလို့ရပါတယ်။

အသက်အရွယ်ကြီးလာတဲ့အခါ မျက်ခွံကအိကျလာတတ်ပါတယ်။ ဒါကြောင့် Eyeshadow ခြယ်တဲ့အခါ မျက်ခွံအပေါ်ဘက်နားရောက်အောင်ခြယ်ပေးပါ။

အသက်ကြီးလာတာနဲ့အမျှ မျက်တောင်တွေက ပါးပြီးပေါ့လာတာမလို့ အောက်မျက်တောင်တွေမှာ ခဲတံ Eyeliner အစား Eyeshadow ကို လိုင်နာအဖြစ် ရောစပ်ပြီး သုံးပေးပါ။

အမျိုးသမီး တော်တော်များများဟာ ဖျက်ရခက်တာ မျက်တောင်လေးတာ စတာတွေကြောင့် Mascara ဆိုးရတာကို မကြိုက်ကြပါဘူး။ ဒါပေမယ့် Mascara က မျက်လုံးကို ပိုတောက်ပစေပြီး အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်တာကြောင့် ဆိုးပေးသင့်ပါတယ်။