ကိုယ်ပြောမနာဆိုမနာပေါင်းလာတဲ့ သူငယ်ချင်းနဲ့ ချစ်သူတွေအဖြစ် တစ်ဆင့်တက်မိသွားတာမျိုး ဖြစ်ဖူးကြလား။ သူငယ်ချင်းကနေ ကိုယ်သဘောကျတဲ့သူတစ်ယောက်ဖြစ်သွားတဲ့အခါမှာ ပြောင်းလဲလာတဲ့ ကိုယ်နဲ့သူ့ရဲ့ ဆက်ဆံရေးအပေါ် ရှေ့ဆက်ဘယ်လိုတုံ့ပြန်သင့်လဲဆိုတာကို စဉ်းစားလာရပါတယ်။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အနေနဲ့ သူငယ်ချင်းကနေ ချစ်သူဖြစ်သွားတဲ့သူအပေါ် ဘယ်လိုပြောင်းလဲ ဆက်ဆံသင့်သလဲဆိုတဲ့ အကြံတစ်ချို့ကိုမျှဝေပေးပါရစေ။

၁။ အရင်လို သူငယ်ချင်းဆန်ဆန်မနေပါနဲ့

သူငယ်ချင်းတွေတုန်းကတော့ ပေါ့ပေါ့ပါးပါးဝတ်ပြီးရုပ်ရှင်အတူကြည့်တာမျိုးကအဆင်ပြေပေမယ့် ချစ်သူတွေအနေနဲ့ချိန်းတွေ့ကြတဲ့အခါမှာ ဆွဲဆောင်မှုရှိရှိဝတ်စားသင့်ပါတယ်။ သူကကိုယ့်အကြောင်း သိပြီးသားပဲလို့တွေးနေတာထက် သူမြင်နေကျမဟုတ်တဲ့ကိုယ့်ရဲ့ပုံစံတွေကို ထုတ်ပြသင့်ပါတယ်။

၂။ သူ့နဲ့မကြာခဏလက်ကိုင်ပါ

ကြည်နူးစရာအထိအတွေ့တွေနဲ့ ချစ်ခြင်းကို မကြာခဏဖော်ပြတာက သင့်ရဲ့အချစ်ရေးကိုပိုပြီး တည်မြဲစေပါတယ်။ သူနဲ့ကိုယ်နဲ့က သူငယ်ချင်းတွေဖြစ်တဲ့အတွက် အစပိုင်းမှာတော့ လက်ကိုင်တာကအစ ရှက်ကိုးရှက်ကန်းဖြစ်နေတတ်တာကြောင့် တဖြည်းဖြည်းနဲ့နေသားကျသွားအောင်ကြိုးစားသင့်ပါတယ်။

၃။ သူ့ကိုပိုင်ဆိုင်ကြောင်းထုတ်ပြပါ

လူတွေနဲ့တွေ့တဲ့အခါ ကိုယ့်ကို သူ့ရဲ့ချစ်သူအနေနဲ့ မိတ်ဆက်ပေးခိုင်းတာမျိုးက သင့်အနေနဲ့ လုပ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်လူအပေါ်ကိုယ် စိတ်တိုင်းကျ လိုက်ချုပ်ချယ်တတ်တဲ့သူ မဖြစ်အောင်တော့ သတိထားသင့်ပါတယ်။

၄။ သူ့ကို ချီးကျုးပေးပါ

ကိုယ်နဲ့သိပြီးသား သူငယ်ချင်းတွေဖြစ်တယ်ဆိုတိုင်း သူ့အပေါ်သဘောကျမိတဲ့အချက်တွေကို မပြောဘဲမနေပါနဲ့။ တစ်ခါတစ်လေမှာ သူ့ရဲ့ကောင်းကွက်တွေကိုလည်း အသိအမှတ်ပြု ချီးကျုးပေးဖို့လိုပါတယ်။ ဒီလိုလုပ်တာက ကိုယ့်ချစ်သူကို ပျော်အောင်လုပ်ပေးရာရောက်တဲ့အပြင် သူနဲ့ကိုယ်ရဲ့ Relationship ကိုလည်းပိုပြီးခိုင်မြဲအောင်အထောက်အကူပြုပါလိမ့်မယ်။

၅။ ကိုယ့်ကိုလွမ်းလာအောင်လုပ်ကြည့်ပါ

သူနဲ့ကိုယ်က အမြဲလိုလိုတွေ့နေကျဆိုရင် ခဏတစ်ဖြုတ်မတွေ့ဘဲနေကြည့်ပါ။ တဖြည်းဖြည်းနဲ့ သူသင့်ကို လွမ်းလာတဲ့အခါမှာတော့ ကိုယ့်မှာရှိနေတဲ့အရာကို ပိုပြီးတန်ဖိုးထားရကောင်းမှန်းသိသွားပါလိမ့်မယ်။ ကိုယ့်ကို ဖွင့်မပြောနိုင်သေးတဲ့သူငယ်ချင်းကိုလည်း သူ့ခံစားချက်တွေကိုသတိထားမိအောင် ဒီနည်းလမ်းကိုသုံးကြည့် လို့ရပါတယ်။

၆။ ကိုယ့်ပုံစံအတိုင်းနေပါ

ကိုယ့်ကိုပိုချစ်လာဖို့ သူ့ရဲ့အရင်ရည်းစားတွေထက်သာအောင်ပြောင်းလဲတာမျိုးလုပ်ဖို့မလိုအပ်ပါဘူး။ သူကသင့်အကြောင်းကိုသိပြီးသားသူဖြစ်တဲ့အတွက် သင်က ပုံမှန်မဟုတ်ဘဲ တစ်ခြားသူတစ်ယောက်ပုံစံဖြစ်အောင် ကြိုးစားနေတာကို ရိပ်မိသွားနိုင်ပါတယ်။

Photo Source: Pinterest

ByMyStyle Myanmar