တချို့ဆိုရင် လက်သည်းနီက အိမ်မှာဆိုးရင် ဒီနေ့ဆိုး၊ နောက်နေ့ကျ ပျက်တော့တာပါပဲ။ ဆိုးလိုက်၊ ဖျက်လိုက် ခဏခဏလုပ်နေရင်လည်း လက်သည်းပျက်စီးတာပဲ ရှိပါတယ်။ ဒါကြောင့် ကိုယ်က လက်သည်းနီဆိုးလေ့ရှိတယ်ဆိုရင် လက်သည်းနီဆိုးထားတာ ကြာရှည်ခံစေဖို့ ဒီအရာ ၆ ခုကို မဖြစ်မနေ လုပ်ပေးသင့်ပါတယ်။

လက်သည်းအရှည်ကိုပုံမှန်ပဲထားပါ

လက်သည်းအရှည်ကို ကိုယ်သက်တောင့်သက်သာဖြစ်မယ့် အနေအထားမျိုးလောက် ပုံမှန်ပဲထားပါ။ အရမ်းရှည်တော့လည်း ကျိုးပဲ့ကုန်တာနဲ့ လက်သည်းနီက ပျက်မှာပါပဲ။ ဒါကြောင့် လက်သည်းကိုလည်း သေချာပုံသွင်းပါ။

လက်သည်းဖျက်ဆေးနဲ့သန့်စင်ပါ

လက်သည်းမှာ အညစ်အကြေးနဲ့ လက်သည်းနီအဟောင်းတွေ ကျန်နေသေးတာမျိုးဆို ထပ်ဆိုးတဲ့အခါ မလှတာမျိုး၊ လက်သည်းနီ ကြာကြာမခံတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်သည်းဖျက်ဆေးနဲ့ ထပ်ပြီးသန့်စင်ပါ။ ထပ်ဖျက်ပါ။

Base coat နဲ့ Top coat သုံးပါ

လက်သည်းနီမဆိုးခင်မှာ base coat ခံဆိုးမှ လက်သည်းဝါတာ၊ ပျက်စီးတာ သက်သာပါမယ်။ လက်သည်းနီဆိုးရင်လည်း ကြာရှည်ခံစေပါမယ်။ Top coat ထပ်ဆိုးတာကတော့ လက်သည်းနီ ပိုတောက်ပြောင်ပြီး လှစေပါတယ်။

လက်သည်းနီကို Quality ကောင်းတာဆိုးပါ

လက်သည်းနီကို quality ကောင်းတာမျိုးဆိုးမှ လက်သည်းနီဆိုးထားတာ ကြာရှည်ခံပြီး လက်သည်းပျက်စီးတာလည်း သက်သာပါမယ်။ Quality မကောင်းတဲ့ လက်သည်းနီတွေကို ဆိုးမယ်ဆိုရင် ဆိုးပြီး ၂ ရက်လောက်နဲ့ ပျက်ကုန်ပါလိမ့်မယ်။

ခြောက်မှထပ်ဆိုးပါ

လက်သည်းနီဆိုးတဲ့အခါမှာ မခြောက်သေးပဲ နောက်တစ်ထပ် ထပ်ဆိုးတာမျိုးတွေ မလုပ်ပါနဲ့။ လက်သည်းနီက မခြောက်တော့ပဲ နာရီတွေ အများကြီးကြာသွားရင်တောင် လက်သည်းက ထူပြီးတွန့်ကုန်တာ၊ ပျက်ကုန်တာမျိုးတွေ ဖြစ်သွားမှာပါ။

ရေခဲရေနဲ့စိမ်ပါ

လက်သည်းနီဆိုးပြီး ရေခဲရေနဲ့ လက်ကိုစိမ်ပေးခြင်းက ဆိုးထားတာ မြန်မြန်ခြောက်စေလို့ ခုနကလို အချိန်တွေကြာလည်း မခြောက်ပဲ ပျက်ကုန်တာမျိုးတွေ ဖြစ်မှာမဟုတ်တော့ပါဘူး။